ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖြစ်မြောက်ရေးနှင့် သမိုင်းအထောက်အထား လွဲမှားမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် ကော်မတီတစ်ရပ် ပြည်ထောင်စုအစိုးရ စတင်ဖွဲ့စည်း

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖြစ်မြောက်ရေးနှင့် သမိုင်းအထောက်အထား လွဲမှားမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် ကော်မတီတစ်ရပ် ပြည်ထောင်စုအစိုးရ စတင်ဖွဲ့စည်း
Published 27 November 2017

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖြစ်မြောက်ရေးအတွက် သမိုင်းအထောက်အထားလွဲမှားမှု မရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန် ဗိုလ်ချုပ် အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်း ကော်မတီကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက နိုဝင်ဘာ ၂၄ ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း နိုဝင်ဘာ ၂၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။

ထိုကော်မတီ၏လုပ်ငန်းတာဝန်များမှာ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖြစ်မြောက်ရေးအတွက် သမိုင်းအထောက်အထား လွဲမှားမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်၊ ပါဝင်မည့် သရုပ်ဆောင်များအား ဇာတ်လမ်း၊ ဇာတ ညွှန်းနှင့် ကိုက်ညီမှုရှိစေရေးအတွက် ကြပ်မတ်ဆောင်ရွက်ရန်၊ ရရှိသော ရန်ပုံငွေဖြင့် ကိုက်ညီသည့် အရည်အသွေးမီ ရုပ်ရှင်ဇာတ်ကားကောင်း ဖြစ်ပေါ်လာစေရေး ကြပ်မတ် ဆောင်ရွက်ရန်၊ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားကြီး အဆင်ပြေရိုက်ကူးပြီး မြောက်စေရေးအတွက် ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးရန်၊ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားကြီး အမြန်ဆုံးပြီးမြောက်စေရေး ကြပ်မတ် ဆောင်ရွက်ရန်နှင့် ဗိုလ်ချုပ်အောင်ဆန်း  အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကားကြီး ပြီးမြောက် စေရေးအတွက် လိုအပ်သော ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားရန်တို့ဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်ရေးလုပ်ငန်း ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အတွင်းရေးမှူးအဖြစ်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးထွန်းအုံ၊ တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်၊ တွဲဖက်အတွင်းရေးမှူး (၂) အဖြစ် ဗိုလ်ချုပ် အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ (ငြိမ်း) ဦးလူမင်းတို့ကို တာဝန်ပေးအပ်ထားသည်။

ကော်မတီ၏ အဖွဲ့ဝင်များအဖြစ် နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ်စန်းဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦး၊ သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့်တိုက်ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်၊ မြန်မာ့သမိုင်းအဖွဲ့ - အဖွဲ့ဝင် ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးသိန်းလှိုင်၊ မြန်မာ့သမိုင်းအဖွဲ့ - အဖွဲ့ဝင် ညွှန်ကြားရေးမှူး(ငြိမ်း) ဦးမြဟန်၊ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဦးသူရ (ခ) ဦးဇာဂနာ နှင့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးရေးအဖွဲ့မှ ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီးတို့ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

Most Read

Most Recent