ဆာရာ (SARA) မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်းရုံးစိုက်ရာ ကချင်ပြည်နယ် ခြောက်မြို့နယ်တွင် မူးယစ်ဆေးအကြောထဲသွင်းသူ ၈၀၀၀ ကျော်ရှိ

ဆာရာ (SARA) မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်းရုံးစိုက်ရာ ကချင်ပြည်နယ် ခြောက်မြို့နယ်တွင် မူးယစ်ဆေးအကြောထဲသွင်းသူ ၈၀၀၀ ကျော်ရှိ
Published 24 November 2017

ဆာရာ (SARA) မူးယစ်ဆေးစွဲရောဂါ သုတေသနအသင်းရုံးစိုက်ရာ ကချင်ပြည်နယ်တွင်း ခြောက်မြို့နယ်တွင် မူးယစ်ဆေး အကြောထဲသွင်းသူ ၈၀၀၀ ကျော်ရှိကြောင်း သတင်းရရှိသည်။

မြစ်ကြီးနားမြို့ နဂါးနှစ်ကောင်ဟိုတယ်တွင် ဆာရာအဖွဲ့မှကြီးမှူးပြုလုပ်သည့် လူငယ်ထုအား ဘဝရှင်သန်နေနိုင်တက်ရေး နည်းပြဆရာမွမ်းမံသင်တန်းနှင့် သားသမီးအုပ်ထိန်းမှု ပညာအားမိဘများအား သင်ကြားပေးခြင်းသင်တန်းဒတွင် SARA အဖွဲ့မှ ဒေသညှိနှိုင်းရေးမှူး ဒေါက်တာထွန်းထွန်းဘရမ်က အဖွင့်အမှာစကားတွင် ပြောကြားသည်။

ယင်းက “မူးယစ်းဝါးသုံးစွဲမှုရော၊ နောက်ဆက်တွဲရောဂါ ပြဿနာတွေဟာ ကြိုတင်ကာကွယ်လို့ ရပါတယ်။ ကျွန်တော်တို့ ဆာရာရုံးစိုက်တဲ့ ကချင်ပြည်နယ်က မြို့နယ်ခြောက် မြို့နယ်စာရင်းကတော့ အကြောထဲသွင်းတဲ့ ဦးရေဟာ လူဦးရေ ၈၀၀၀ ကျော်ရှိနေပါတယ်။ ဆေးပြားတွေ သုံးတာမပါဘူးပေါ့။ ဆေးသွင်းတဲ့ နောက်ဆက်တွဲ ရောဂါတွေလည်း ရှိပါသေးတယ်။ ၂၀၁၄ သန်းခေါင်စာရင်းအရ ကချင်ပြည်နယ်မှာ ၁၅ နှစ်အောက် လူငယ် ၄၉၀၀၀၀ ကျော်ရှိနေပါတယ်။ ဒါတွေကိုလည်း တတ်နိုင်တဲ့ဘက်ကပညာပေးဖို့ လိုပါတယ်။ ဒါကြောင့် ပညာပေးတဲ့လုပ်ငန်းကို လုပ်တာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာတော့ သုတေသန မပြုနိုင်သေးဘူးပေါ့။ နိုင်ငံတကာ သုတေသနတွေအရတော့ ဒီလိုတွေ ကာကွယ်နိုင်ရင် တစ်ဒေါ်လာရင်းနှီးရင် ကိုးဒေါ်လာကျော် အကျိုးအမြတ်ထွက်တယ်ဆိုပြီး သုသေတနလုပ်တာတွေ ရှိပါတယ်” ဟု ပြောကြားသည်။

သုတေသနစာတမ်းများအရ မိဘအုပ်ထိန်းမှုပညာကြောင့် ဆေးခြောက်သုံးစွဲမှု ၃၆ ရာခိုင်နှုန်း၊ နှာခေါင်းမှတစ်ဆင့် ရှူရှိုက်သော ဆေးသုံးစွဲမှု ရာခိုင်နှုန်း ၅၀၊ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲမှု ၅၆ ရာခိုင်နှုန်းနှင့် အခြားသော မူးယစ်ဆေးဝါးသုံးစွဲမှုတို့ကို ထိရောက်စွာ လျှော့ချနိုင်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ဆာရာရုံးများကို မန်စီ၊ မိုးမောက်၊ မြစ်ကြီးနား၊ နမ္မတီး၊ ဟိုပင်၊ မိုးညှင်းမြို့နယ်များတွင် ရုံးများဖွင့်လှစ်ကာ ဒေသတွင်း မူးယစ်ဆေးစွဲရောဂါနှင့် သက်ဆိုင်သည့် ကာကွယ်တားဆီးရေး၊ ပညာပေးလုပ်ငန်းများကို လုပ်ဆောင်နေကြောင်း သိရသည်။

မူးယစ်ဆေးစွဲ ရောဂါသုတေသန အသင်းကို ၂၀၁၄ ခုနှစ် မေ ၅ ရက်မှစတင်ကာ တရားဝင်မှတ်ပုံတင် ဖွဲ့စည်းခဲ့ပြီး သားသမီးအုပ်ထိန်းမှုပညာအား မိဘများကို သင်ကြားပေးခြင်း၊ လူငယ်ထုအား ဘဝရှင်သန်နေနိုင်တတ်ရေး အတတ်ပညာသင်ကြားပေးခြင်း၊ ပြည်သူလူထုအတွင်း မူးယစ်ဆေးသုံးစွဲမှုကာ ကွယ်ရေးဝန်းကျင် တည်ဆောက်ခြင်းစသည့် မဟာဗျူဟာသုံးရပ်ကိုချမှတ်ကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။