မန္တလေးတိုင်းဒေသကြီးတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ရှစ်သိန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးပြီးနောက် တုံ့ပြန်မှုကြောင့် ဆေးရုံတက်လူနာ ၁၇ ဦးရှိခဲ့

မန္တလေးတိုင်းဒေသကြီးတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသူ ရှစ်သိန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးပြီးနောက် တုံ့ပြန်မှုကြောင့် ဆေးရုံတက်လူနာ ၁၇ ဦးရှိခဲ့
Published 23 November 2017

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးခြင်းအား တစ်နိုင်ငံလုံးအတိုင်းအတာအရ နိုဝင်ဘာ ၁၅ ရက်မှ စတင်ထိုးနှံပေးခဲ့ရာ မန္တလေးတိုင်းဒေသကြီးတွင် ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးသည့် ဦးရေ ရှစ်သိန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးပြီးနောက် တုံပြန်မှုကြောင့် ဆေးရုံတက် လူနာ ၁၇ ဦးရှိခဲ့ကြောင်း တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျောင်းအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်အဖြစ် တိုင်းဒေသကြီးအတွင်း အခြေခံပညာကျောင်းများတွင် ကာကွယ်ဆေးထိုးနှံခြင်းများကို ကျန်းမာရေးဝန်ထမ်းများမှ လိုက်လံဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်း ဒေသကြီးအတွင်း၌ စတင်ထိုးနှံသည့် နိုဝင်ဘာ ၁၅ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ ကလေးငယ်ပေါင်း ၈၀၄ç၇၃၅ ဦး ထိုးနှံပြီးစီးပြီဖြစ်ကာ ရည်မှန်းဦးရေ၏ ၇၉ ရာခိုင်နှုန်းကျော် လွှမ်းခြုံမှုရှိပြီး ကာကွယ်ဆေးထိုးနှံပြီးနောက်ပိုင်း တုံ့ပြန်မှုကြောင့် ဆေးရုံတက်ရောက် လူနာ ၁၇ ဦးရှိကြောင်း သိရသည်။

“တိုင်းဒေသကြီးအတွင်း ရည်မှန်းကာ ကွယ်ဆေးဦးရေက ၁၀ သိန်းကျော်ရှိရာမှာ လက်ရှိအထိ ရှစ်သိန်းကျော် ထိုးနှံပြီးစီးပါပြီ။ ကာကွယ်ဆေးထိုးပြီးနောက် တုံ့ပြန်မှုအရ ဆေးရုံတက်ရတဲ့ လူနာအနေနဲ့ လက်ရှိအထိ ၁၇ ဦးရှိခဲ့တယ်။ ကာကွယ်ဆေးထိုးပြီးနောက်ဖြစ်တဲ့ သာမန်မူးတာ၊ ဖျားတာတွေကြောင့် စိုးရိမ်ပြီးတက်တာက ၁၀ ဦးနဲ့ နောက်ပြင်းထန်တဲ့ ဆေးထိုးပြီးချင်း သွေးပေါင်ပြုတ်ကျသွားတာတို့၊ တောက်လျှောက်အန်တာတွေကြောင့် တက်တာက ခုနစ်ဦးဖြစ်တယ်။ အဲဒီ ၁၇ ဦးစလုံးက ပြန်ဆင်းသွားပြီဖြစ်ပြီး သေဆုံးသူမရှိပါဘူး” ဟု တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။

ဆေးရုံတက်လူနာများမှာ အသက်အရွယ်ပိုင်းခြားအနေဖြင့် ၁၀ နှစ်ကျော် ၁၄ နှစ်ဝန်းကျင်များပြီး တိုင်းဒေသကြီးအတွင်း မြစ်သား၊ ကျောက်ဆည်၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ရမည်းသင်း၊ ညောင်ဦး၊ ပြင်ဦးလွင်၊ မိုးကုတ်၊ တောင်သာ၊ မလှိုင်မြို့နယ်များမှ ကလေးငယ်များ ဆေးရုံတက်ရောက်ရခြင်းဖြစ်ကာ သက်ဆိုင်ရာဆေးရုံများတွင် တက်ရောက်ကုသခဲ့ခြင်းဖြစ်ပြီး ဆေးရုံမတက်ရသော်လည်း ကာကွယ်ဆေးထိုးပြီးနောက် သာမန်တုံ့ပြန်မှုအဖြစ် မူးခြင်း၊ နီမြန်းခြင်းစသည့် တုံ့ပြန်မှုများဖြစ်ပွားသည့် ဦးရေ ၁,၁၃၆ ဦးရှိကြောင်း သိရသည်။

လက်ရှိ၌ ကာကွယ်ဆေးထိုးလုပ်ဆောင်ခြင်းအား မိဘပြည်သူများ စိုးရိမ်မှုရှိသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များအတိုင်း အသက် ကိုးလမှ ၁၅ နှစ်အထိ ထိုးနှံပေးခြင်းဖြစ်သော်လည်း ကလေးမိဘများက မထိုးချင်ဘူးဟု ငြင်းဆိုပါက ဆေးထိုးခြင်းမလုပ်ဆောင်ရန်၊ ထိုးနှံသည့်အခါ မထိုးခင်ကလေးငယ်၏ ကျန်းမာရေးနှင့်ပတ်သက်၍ သေချာကြည့်ရှုစစ်ဆေးကာ ကောင်းမွန်သည့် ကလေးများကိုသာ ထိုးနှံပေးရန်စသည့် ထပ်မံလမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိပြီး ဆေးထိုးစုရပ်များတွင်လည်း ဆေးထိုးပြီးတုံ့ပြန်မှုများအား ချက်ချင်းကုသမှုပေးကာ စောင့်ကြည့်၍ ဆေးရုံသို့ပို့ဆောင်ရန် ညွှန်ကြားထာကာ နိုဝင်ဘာ ၂၃ ရက်အထိ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။