တစ်နှစ်ကြိုတင်၍ ဘဏ္ဍာငွေလျာထားရခြင်းဖြစ်သည့်အတွက် နေ့စားလပေး ဆရာ၊ ဆရာမများကို ဆရာဖြစ်သင်တန်းပေးပြီး Permanent အဖြစ် တစ်ပါတည်း မခန့်အပ်နိုင်ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး ပြောကြား

တစ်နှစ်ကြိုတင်၍ ဘဏ္ဍာငွေလျာထားရခြင်းဖြစ်သည့်အတွက် နေ့စားလပေး ဆရာ၊ ဆရာမများကို ဆရာဖြစ်သင်တန်းပေးပြီး Permanent အဖြစ် တစ်ပါတည်း မခန့်အပ်နိုင်ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီး ပြောကြား
Published 22 November 2017

အခြေခံပညာကျောင်းတစ်ကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာမများကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

 

တစ်နှစ်ကြိုတင်၍ ဘဏ္ဍာငွေလျာထား ရခြင်းဖြစ်သည့်အတွက် အခြေခံပညာဦးစီးဌာနမှ နေ့စားလပေး ဆရာ၊ ဆရာမများကို ဆရာဖြစ်သင်တန်းပေးပြီး Permanent အဖြစ် တစ်ပါတည်း မခန့်အပ်နိုင်ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၌ နိုဝင်ဘာ ၂၀ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ အစီအစဉ်တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမာန်လောမောင်း၏ အခြေခံပညာဦးစီးဌာနမှ နေ့စားလပေး ဆရာ၊ ဆရာမများကို ဆရာဖြစ်သင်တန်းပေးပြီး တစ်ပါတည်း အတည်ခန့် Permanent ပေးရန်အစီအစဉ် ရှိ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်းကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကိုယ်စားလှယ်တော်ကြီး တင်ပြထားတဲ့အထဲမှာပါတဲ့ ဖေဖော်ဝါရီလမှာ လျှောက်လွှာများခေါ်ယူပြီး မတ်လမှာ စစ်ဆေးကာ ဧပြီလလယ်ကနေ မေလလယ်ထိ ဆရာဖြစ်သင်တန်းပေးပြီး ဇွန်လကျောင်းဖွင့်ရက်အမီ ခန့်ထားနိုင်ဖို့ကိစ္စကတော့ နေ့စားလပေး (မူလတန်းပြ) ဆရာ၊ ဆရာမအဖြစ် ခေါ်ယူ ခန့်ထားနိုင်ဖို့အတွက် လိုအပ်တဲ့ဘဏ္ဍာငွေတွေကို ကြိုတင်လျာထားရပါတယ်။ လိုအပ်တဲ့ ဘဏ္ဍာငွေကို လျာထားတဲ့ နေရာမှာလည်း တစ်နှစ်ကြိုတင်ပြီး လျာထားရတာဖြစ်တဲ့အတွက် ချက်ချင်းရ အတည်ခန့် Permanent အဖြစ် ခန့်ထားရန် မဆောင်ရွက်နိုင်ဘဲ နေ့ စားလပေးအဖြစ် ဦးစွာဆောင်ရွက်ပြီးမှ ဘဏ္ဍာငွေခွင့်ပြုချက်ရမှ ဆက်လက်ခန့်ထားနိုင်မှာပါ” ဟု ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံ ပညာကျောင်းများတွင် လိုအပ်သည့် ဆရာ၊ ဆရာမများကို ပညာရေးတက္ကသိုလ်များမှ B.Ed ဘွဲ့ရ၊ ပညာရေးကောလိပ်မှ လုပ်ငန်းခွင်ကြို ဆရာအတတ်ပညာ ဒီပလိုမာသင်တန်းနှင့် လုပ်ငန်းခွင်ကြို မူလတန်း ဆရာ အတတ်ပညာသင်တန်း သင်တန်းဆင်းများကို နှစ်စဉ်ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ထပ်မံလိုအပ်သည့် ဆရာ၊ ဆရာမများကို နေ့စားလပေး (မူလတန်းပြ) များအဖြစ် သတ်မှတ်မှုများနှင့်အညီ ခေါ်ယူကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ထိုသို့ခေါ်ယူပြီး တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ရွေးချယ်ခန့်ထားကာ နွေရာသီကျောင်းပိတ်ရက်တွင် မြို့နယ်အခြေပြု မူလတန်းဆရာအတတ်သင်တန်းအဖြစ် ရက် ၃၀ ပေး၍ မူလတန်းပြအဖြစ် သြဂုတ် ၁ ရက်မှ စတင်အတည်ပြုခန့်ထားပြီး မြို့နယ်အခြေပြု မူလတန်းဆရာအတတ် သင်တန်းတက်ရောက်ပြီးသူများကို မူလတန်း ဆရာအတတ် စာပေးစာယူ သင်တန်း တစ်နှစ် ထပ်မံတက်ရောက်စေပြီး မူလတန်းဆရာ အတတ်လက်မှတ်ပေးအပ်ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းပြောကြားသည်။

Most Read

Most Recent