အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်ပတ်သက်၍ ဖြည့်စွက်ရန်ပုံငွေတွင် စက်စမ်းသပ်လည်ပတ်စရိတ် ခေါင်းစဉ်ဖြင့် ကျပ်သန်း ၄၂၀၀ ကျော် တင်ပြတောင်းခံခဲ့ခြင်းမှာ သဘာဝဓာတ်ငွေ့ဖိုးနှင့် လျှပ်စစ်ဓာတ်အားခကြွေးကျန်များ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ပေးချေရန်အတွက် တောင်းခံခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီး ရှင်းလင်း

အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့်ပတ်သက်၍ ဖြည့်စွက်ရန်ပုံငွေတွင် စက်စမ်းသပ်လည်ပတ်စရိတ် ခေါင်းစဉ်ဖြင့် ကျပ်သန်း ၄၂၀၀ ကျော် တင်ပြတောင်းခံခဲ့ခြင်းမှာ သဘာဝဓာတ်ငွေ့ဖိုးနှင့် လျှပ်စစ်ဓာတ်အားခကြွေးကျန်များ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ပေးချေရန်အတွက် တောင်းခံခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီး ရှင်းလင်း
Published 10 November 2017

ပြည်ထောင်စုလွှတ်တော်က ဆိုင်းငံ့ရန် ဆုံးဖြတ်ထားသည့် စက်မှုဝန်ကြီးဌာန၏ အမှတ်(၁)သံမဏိစက်ရုံ (မြင်းခြံ)နှင့်ပတ်သက်၍ ဖြည့်စွက်ရန်ပုံငွေတွင် စက်စမ်းသပ်လည်ပတ်စရိတ် ခေါင်းစဉ်ဖြင့် ကျပ်သန်း ၄၂၀၀ ကျော် တင်ပြတောင်းခံခဲ့ခြင်းမှာ သဘာဝဓာတ်ငွေ့ဖိုးနှင့် လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပေးချေရန်အတွက် တောင်းခံခဲ့ခြင်းဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းလင်း ပြောကြားသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၉ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စုနောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်ပတ်သက်၍ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ဝန်ကြီး ဦးခင်မောင်ချိုက ပြန်လည်ရှင်းလင်း တင်ပြရာတွင် အထက်ပါကဲ့သို့ ထည့်သွင်း တင်ပြခဲ့ခြင်းဖြစ်သည်။

အမှတ် (၁) သံမဏိစက်ရုံ(မြင်းခြံ)၏ စက်စမ်းသပ်လည်ပတ်စရိတ် ခေါင်းစဉ်ဖြင့် တင်ပြတောင်းခံထားသည့် ကျပ် ၄၂၂၇ ဒသမ ၆၆၆ သန်းသည် စက်မှုဝန်ကြီးဌာနက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ ပေးချေရမည့် ကြွေးကျန်များကို သက်ဆိုင်ရာငွေစာရင်း ခေါင်းစဉ်ဖြစ်သည့် စက်စမ်းသပ်လည်ပတ်စရိတ် ခေါင်းစဉ် (Test Run) အောက်မှ တင်ပြတောင်းခံခြင်းသာဖြစ်ကြောင်း စက်မှုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းလင်းပြောကြားသည်။

စက်မှုဝန်ကြီးဌာန၏ အသုံးစရိတ်ဖြစ်သော်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဝင်ငွေအဖြစ် ပြန်လည်ရရှိမည့် ဝန်ကြီးဌာနအချင်းချင်း မဖြစ်မနေ ပေးချေရမည့် ကြွေးကျန်နှင့် Test Run လုပ်လျှင် ပေးချေရမည့် ဓာတ်အားခ အသုံးစရိတ်များ ဖြစ်ပါသဖြင့် နိုင်ငံ့ဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာများကို အဟောသိကံလေလွင့်သွားစေမည့် အခြေအနေမျိုး မဟုတ်ကြောင်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ဖြည့်စွက်ရန်ပုံငွေအဖြစ် ခွင့်ပြုပေးနိုင်ပါရန် လွှတ်တော်သို့ ဦးခင်မောင်ချိုက ရှင်းလင်းတင်ပြသည်။

အမှတ် (၁) သံမဏိစက်ရုံ(မြင်းခြံ)၏ စက်စမ်းသပ်လည်ပတ်စရိတ် ခေါင်းစဉ်ဖြင့် တင်ပြတောင်းခံထားသည့်ငွေမှာ စက်စမ်းသပ် လည်ပတ်ခြင်းများကို ယခုအချိန်တွင် ဆက်လက်ဆောင်ရွက်ရန် ထည့်သွင်းတောင်းခံထားခြင်း မဟုတ်ကြောင်းနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် စက်ရုံစမ်းသပ် လည်ပတ်စဉ်က အသုံးပြုခဲ့သော သဘာဝဓာတ်ငွေ့ဖိုး ကျပ် ၇၃ ဒသမ ၁၆၁ သန်း၊ လျှပ်စစ်ဓာတ်အားခ ကျပ် ၁၉၆၇ ဒသမ ၄၄၇သန်းနှင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စက်များပျက်စီးဆုံးရှုံးမှု မရှိစေရန် စက်ကြံ့ခိုင်ရေးအတွက် သုံးစွဲခဲ့သည့် လျှပ်စစ်ဓာတ်အားခယူနစ်ကြေး၊ မြင်းကောင်ရေကြေးနှင့် မီတာဝန်ဆောင်ခများ ကျပ် ၁၀၆၉ ဒသမ ၅၀၀ သန်း၊ စုစုပေါင်း ကျပ် ၃၁၁၀ ဒသမ ၁၀၈ သန်းအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ပေးချေရန် တောင်းခံထားခြင်းဖြစ်ကြောင်း ဝန်ကြီးဦးခင်မောင်ချိုက ရှင်းပြသည်။

“အဆိုပါစက်များ ရပ်ဆိုင်းထားတဲ့အတွက် လျှပ်စစ်ဓာတ်အားများ ဖြတ်တောက်ထားသော်လည်း 85 MVA Transformer နှစ်လုံးနှင့် သာမန် Motor မျိုးမဟုတ်သည့် High Voltage နဲ့ အသုံးပြုသော မော်တာကြီးများ အပါအဝင် မြင်းကောင်ရေမြင့်မားသော မော်တာအများအပြား ထည့်သွင်း အသုံးပြုထားခြင်းဖြစ်ပါ၍ မြင်းကောင်ရေကြေးနှင့် မီတာဝန်ဆောင်ခများကို စက်များရပ်ဆိုင်းထားရသော်လည်း လစဉ်ပေးချေနေရပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် သဘာဝဓာတ်ငွေ့ဖိုးနှင့် လျှပ်စစ်ဓာတ်အားခ ကြွေးကျန်များကို အမြန်ဆုံး ပေးချေနိုင်ရေး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံ ငွေတောင်းခံချိန်တွင် ထည့်သွင်းတောင်းခံနိုင်ရေးကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြခွင့်ပြုချက် ရယူပြီးဖြစ်၍ သက်ဆိုင်ရာ စက်စမ်းသပ် လည်ပတ်စရိတ် ခေါင်းစဉ်တွင် ထည့်သွင်းတောင်းခံခဲ့ခြင်း ဖြစ်ကြောင်း ဦးခင်မောင်ချိုက တင်ပြသည်။

ပြည်ထောင်စုလွှတ်တော်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ မူလခွင့်ပြုငွေ (BE) တောင်းခံစဉ် နိုင်ငံတော်၏ မူဝါဒအရ လတ်တလော ဆိုင်းငံ့ခဲ့သည့် နိုင်ငံပိုင်စက်ရုံ ၂၈ ရုံထဲမှ တစ်ရုံအပါအဝင်ဖြစ်သည့် စက်မှုဝန်ကြီးဌာန၏ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ)နှင့် ပတ်သက်၍ စက်စမ်းသပ်လည်ပတ်စရိတ် ကျပ်သန်း ၄၂၂၀ ကျော် ဖြည့်စွက်ရန်ပုံငွေတွင် တင်ပြတောင်းခံလာမှုကို ငြင်းပယ်ရန် ပုလဲမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ဆွေးနွေး တင်ပြခဲ့သည်။

“သို့သော် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေ တောင်းခံမှုမှာ အမှတ် (၁) သံမဏိစက်ရုံ(မြင်းခြံ)နဲ့ပတ်သက်ပြီး စက်စမ်းသပ် လည်ပတ်စရိတ် ကျပ်ငွေ ၄၂၂၇ ဒသမ ၆၆၆ သန်းကို တောင်းခံထားတာ တွေ့ရတဲ့အတွက် ကျွန်မအနေနဲ့ ဒီတောင်းဆိုမှုကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၉၀ အရ ငြင်းပယ်ဖို့ရာ တင်ပြသွားမှာပဲ ဖြစ်ပါတယ်။ မူဝါဒသဘောအရ အမှတ် (၁) သံမဏိစက်ရုံ(မြင်းခြံ)နဲ့ ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ်များကို တိတိကျကျ ခိုင်ခိုင်မာမာ မချမှတ်နိုင်သေးခင်မှာ မလိုအပ်ဘဲ နိုင်ငံတော်ဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာတွေ အဟောသိကံ လေလွင့်သွားမယ့် ကိစ္စရပ်တွေကို ကာကွယ်တားဆီးနိုင်ဖို့အတွက် ကျွန်မအနေနဲ့ ငြင်းပယ်ဖို့အဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်” ဟု ဒေါ်ခင်စန်းလှိုင်က ဆိုထားသည်။

စက်မှုဝန်ကြီးဦးခင်မောင်ချိုက “မကြာခင် ဒါပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ် ရှိပါတယ်။ အဓိက,က ပြည်ပများပါတယ်။ ပြည်တွင်းလည်း ပါပါတယ်။ အခုတော့ နိုင်ငံခြားကုမ္ပဏီတွေ ထပ်လာပါတယ်။ အဲဒီထဲမှာတော့ အနောက်နိုင်ငံကလည်း ပါပါတယ်။ အရှေ့တိုင်းကလည်း ပါပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကလည်း ပါပါတယ်။ ထိုင်းကလည်း ပါပါတယ်။ အားလုံးကို EOI လို့ခေါ်တဲ့ Expression of Interest ပေါ့။ သူတို့ကလည်း တင်ပြထားပြီးပါပြီ။ ဒီနေရာမှာ ကျွန်တော်တို့ နိုင်ငံတော်အတွက် တကယ်အကျိုးပြုမယ့် သံမဏိလုပ်ငန်းကို အဟောသိကံမဖြစ်စေဖို့ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုက အင်မတန်များစွာ ရင်းနှီးမြှုပ်နံှရပြီးတော့ လုပ်ငန်းဆုံးရှုံးလို့မရတဲ့အတွက် ဒါကို ပြန်လည်အဖတ်ဆယ်တဲ့ အနေနဲ့ မဖြစ်မနေ လည်ပတ်ဖို့လိုပါတယ်။ လည်ပတ်ဖို့ကိုလည်း လွှတ်တော်ရဲ့ အတည်ပြုချက် ရရှိဖို့လိုပါတယ်။ လွှတ်တော်က လတ်တလော ရပ်ဆိုင်းပြီး သုံးသပ်နေတဲ့ကာလမှာ ကျွန်တော်တို့လည်း ပြင်ဆင်စရာရှိတာ အားလုံးပြင်ဆင်ထားပါတယ်။ ဒီဘက်က ကင်းလွတ်ခွင့်ရပြီဆိုတာနဲ့ စတင်ပြီးတော့ နှစ်တိုအတွင်း အကျိုးရှိတဲ့သံမဏိတွေကို နိုင်ငံတော်အတွက် နိုင်ငံတော်ရဲ့ တည်ဆောက်ရေးလုပ်ငန်းတွေရော အခြားအခြားသောလုပ်ငန်းတွေကို ပြည့်ပြည့်၀၀ပေးနိုင်ဖို့အတွက် စက်ရုံကြီးက အသင့်ဖြစ်နေပါပြီ” ဟု မီဒီယာများကို ပြောကြားသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးဥပဒေကြမ်းတွင် စက်မှုဝန်ကြီးဌာနမှ သာမန်အသုံးစရိတ် ကျပ် ၁၄ ဒသမ ၈၀၆ ဘီလျံ၊ ငွေလုံးငွေရင်း အသုံးစရိတ် ကျပ် ၂၄ ဒသမ ၄၄၆ ဘီလျံနှင့် ကြွေးမြီအသုံးစရိတ် ကျပ် ၆၈ ဒသမ ၆၅၀ ဘီလျံ စုစုပေါင်းကျပ် ၁၀၇ ဒသမ ၉၀၂ ဘီလျံကို တင်ပြတောင်းခံထားကြောင်း သိရသည်။

Most Read

Most Recent