မန္တလေး မြို့မအပျော်တမ်း တူရိယာအသင်းက မြို့မစတူဒီယို ဖွင့်လှစ်

မန္တလေး မြို့မအပျော်တမ်း တူရိယာအသင်းက မြို့မစတူဒီယို ဖွင့်လှစ်
Published 9 November 2017

မန္တလေး မြို့မအပျော်တမ်း တူရိယာအသင်းတိုက်အား နိုဝင်ဘာ ၈ ရက်က တွေ့ရစဉ်

မန္တလေး မြို့မအပျော်တမ်း တူရိယာအသင်းက မြို့မစတူဒီယို ဖွင့်လှစ်ခြင်း အခမ်းအနားအား နိုဝင်ဘာ ၈ ရက် နံနက်က အသင်းရုံးတိုက်တွင် ပြုလုပ်ခဲ့သည်။

တူရိယာအသင်းတစ်သင်း အနေဖြင့် ရှိသင့်ရှိထိုက်သည့် စတူဒီယိုတစ်ခုအား အသင်းပိုင်အဖြစ် ဖွင့်လှစ်ခြင်းဖြစ်ကာ ရရှိသည့် ဝင်ငွေများကိုလည်း အသင်းရန်ပုံငွေအဖြစ် ဘဏ်စာရင်း ဖွင့်လှစ်ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

“လုပ်ဖြစ်တာက တူရိယာအသင်းတစ်ခုမှာ အသံဖမ်းစတူဒီယိုတစ်ခုက ရှိသင့်တယ်။ ဆိုတဲ့လူတွေရော တီးတဲ့မှုတ်တဲ့ သူတွေရောက ဝိုင်းတွေမှာတီးတာနဲ့ စတူဒီယိုထဲမှာ မတူ ဘူး။ မတူတဲ့အခါမှာ ပညာရည်တိုးတက်မှု အနေနဲ့ မှတ်တမ်းတစ်ခုကျန်အောင် ရည်ရွယ်သလို ကျွဲကူးရေပါလိုပဲ တခြားဟာတွေ ကို ကူညီပေးတဲ့သဘောနဲ့ ဆရာတို့က အပြင်လူတွေကို လက်ခံတာပါ။ ပုဂ္ဂလိကပိုင်စတူ ဒီယိုမဟုတ်တဲ့အတွက် အခြားအသင်းအဖွဲ့တွေ အနေနဲ့ အသံနဲ့ဆိုင်တဲ့ လိုအပ်တာတွေရှိရင် သတ်မှတ်ဈေးနှုန်းတွေနဲ့ မဟုတ်ဘဲ ညှိနှိုင်းဆောင်ရွက်မှုတွေ ပြုလုပ်ပေးမှာဖြစ်သလို တကယ်လိုအပ်ချက်ရှိလာရင် အခမဲ့ ကူညီမှုတွေပါ ပြုလုပ်ပေးသွားဖို့ ရည်ရွယ်ပါတယ်” ဟု မြို့မအပျော်တမ်း တူရိယာအသင်းမှ ဥက္ကဋ္ဌ ဒေါက်တာလှခိုင်က ပြောကြားသည်။

မြို့မတူရိယာအသင်း စတူဒီယိုတွင် မိုနိုနှင့် စတီရီယို လက်ခံမည်ဖြစ်ကာ သတ်မှတ်ဈေးနှုန်းများ အနေဖြင့် တစ်ဂျူတီကို ရှစ်နာရီ၊ အနည်းဆုံး ဂျူတီဝက် လေးနာရီစာ ယူရပြီး တစ်ဂျူတီကို ၄၀၀၀၀ ကျပ်နှုန်း သတ်မှတ်ထားကြောင်း၊ စီးရီးလိုက်အား စီးရီးတစ်ခုစာ ခြောက်သိန်းလျှင် တစ်နှစ်အတွင်း ဂျူတီ ၃၀ အသုံးပြုခွင့်ရှိကြောင်း၊ ပုဂ္ဂလိကပိုင် မဟုတ်သည့်အတွက် လိုအပ်လာလျှင် အသင်းအဖွဲ့များ အနေဖြင့် စရိတ်စက မတတ်နိုင်ပါက ညှိနှိုင်းပြီး သက်သာသည့် နှုန်းထားများနှင့် လက်ခံဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။