မြေယာအငြင်းပွားမှုများကို ပြည်ထောင်စုအစိုးရက ပြန်လည်စိစစ်ဖြေရှင်းပေးရန်ဆိုသည်ထက် ကိုယ်ကိုယ်တိုင်ပါဝင်နေသည့် ကော်မတီများက မှန်ကန်စွာဖြေရှင်းလေ့လာသုံးသပ်ပေးရန် လိုအပ်ကြောင်းနှင့် ဗဟိုကော်မတီ၏ စိစစ်ရမည့်အချက်၊ မူဝါဒသဘောထားများကိုလည်း ကိုယ်စားလှယ်များအနေဖြင့် သိနားလည်ရန်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

မြေယာအငြင်းပွားမှုများကို ပြည်ထောင်စုအစိုးရက ပြန်လည်စိစစ်ဖြေရှင်းပေးရန်ဆိုသည်ထက် ကိုယ်ကိုယ်တိုင်ပါဝင်နေသည့် ကော်မတီများက မှန်ကန်စွာဖြေရှင်းလေ့လာသုံးသပ်ပေးရန် လိုအပ်ကြောင်းနှင့် ဗဟိုကော်မတီ၏ စိစစ်ရမည့်အချက်၊ မူဝါဒသဘောထားများကိုလည်း ကိုယ်စားလှယ်များအနေဖြင့် သိနားလည်ရန်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား
Published 7 November 2017

နိုဝင်ဘာ ၆ ရက်ကပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်၏ ပြောကြားနေမှုကို သတင်းရယူနေမှုအား တွေ့ရစဉ်

မြေယာအငြင်းပွားမှုများကို ပြည်ထောင်စုအစိုးရက ပြန်လည်စိစစ်ဖြေရှင်းပေးရန်ဆိုသည်ထက် ကိုယ်ကိုယ်တိုင်ပါဝင်နေသည့် ကော်မတီများက မှန်ကန်စွာ ဖြေရှင်းလေ့လာသုံးသပ်ပေးရန် လိုအပ်ကြောင်းနှင့် ဗဟိုကော်မတီ၏ စိစစ်ရမည့်အချက်၊ မူဝါဒသဘောထားများကိုလည်း ကိုယ်စားလှယ်များအနေဖြင့် သိနားလည်ရန်လိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောကြားသည်။

နေပြည်တော်တွင် နိုဝင်ဘာ ၆ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်က သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ပိုင်ခွင့် ခွင့်ပြုချက်အမျိုးမျိုးဖြင့် မြေလက်ဝါးကြီးအုပ် ရယူထားမှုများ၌ ကာလအတန်ကြာ လုပ်ကိုင်ခဲ့ကြသော မူလတောင်သူများနှင့် လုပ်ပိုင်ခွင့်ရထားသူများအကြား မြေယာအငြင်းပွားမှုများကို လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများဖြင့် ပြန်လည်စိစစ်ဖြေရှင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းခဲ့သည်။

၎င်းအဆိုကို ပြည်သူ့လွှတ်တော်က လက်ခံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆုံးဖြတ်အပြီးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြေယာအငြင်းပွားမှုများကို ဖြေရှင်းရန် ပြည်ထောင်စုအစိုးရအနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းအစိုးရအနေဖြင့် ပြည်နယ်၊ တိုင်းကော်မတီများရှိကြောင်း၊ ထို့ပြင် ခရိုင်၊ မြို့နယ်၊ ရပ်ကျေးကော်မတီများ အဆင့်ဆင့်ရှိကြောင်း၊ ကော်မတီများတွင် လွှတ်တော်ကိုယ်စားလှယ်များကို ပါဝင်ခွင့်ပေးထားကြောင်း၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ တောင်သူလယ်သမားနှင့် သက်ဆိုင်သည့် ပုဂ္ဂိုလ်များလည်းပါကြောင်း ဦးဝင်းမြင့်က ဆိုသည်။

“အဲဒီတော့ ဒီနေရာမှာ ပြည်ထောင်စုအစိုးရကို ပြန်လည်စိစစ်ဖြေရှင်းပေးဖို့ ဆိုတာထက် ကိုယ်ကိုယ်တိုင်ပါနေတဲ့ ကော်မတီတွေက ကိုယ်ကိုယ်တိုင်ထဲထဲဝင်ဝင် မှန်မှန်ကန်ကန် ဖြေရှင်းလေ့လာသုံးသပ်ပေးဖို့ အဓိကပိုကျတယ်။ ကိုယ်စားလှယ်တွေက။ အဲဒီတော့ ပြည်ထောင်စုအစိုးရအနေနဲ့ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးဗဟိုကော်မတီတွေနဲ့ စိစစ်ရမယ့်မူတွေ၊ အချက်တွေ ချပေးထားတယ်။ ပြီးရင် ဒီလုပ်ငန်းမှာပတ်သက်တဲ့ မူဝါဒ၊ သဘောထားတွေ ချပေးထားတယ်။ အဲဒီစိစစ်ရမယ့်အချက်တွေ၊ အဲဒီမူဝါဒသဘောထားတွေလည်း ကျွန်တော်တို့ကိုယ်စားလှယ်တွေက သိနားလည်ဖို့လိုတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ကိုယ်စားလှယ်တွေက ကိုယ့်မဲဆန္ဒနယ်မှာရှိတဲ့ ဒီလိုမြေယာမှုခင်းတွေကို အမြန်ဆုံးပြီးစီးအောင်လည်း ကိုယ့်ကိုယ်၌က ဝီရိယစိုက်ထုတ်ပြီးတော့ စိတ်နှစ်ပြီးတော့ လုပ်ပေးဖို့လည်းလိုတယ်။ လွှတ်တော် session ပြီးလို့ တစ်ခုတစ်ခုနားတယ်။ ကိုယ့်မဲဆန္ဒနယ်မှာ ဒီလိုမြေယာမှုခင်းတွေကို၊ အငြင်းပွားဖွယ်မှုခင်းတွေကို ကိုယ်ဘယ်လောက်အထိ ဘယ်နှမှုအထိ ပြီးစီးအောင်ဆောင်ရွက်ပြီးပြီလဲ ကိုယ့်ကိုယ်လည်း ဆန်းစစ်ဖို့လိုတယ်။ အမှန်က ဒီဟာက ကျွန်တော်တို့ ကိုယ်ကိုယ်တိုင် လုပ်ရမယ့်အလုပ်တွေ။ ပြည်ထောင်စုအစိုးရကို ဖြေရှင်းပေးပါဆိုပြီး တိုက်တွန်းနေရမယ့် အလုပ်မဟုတ်ဘူး။ ကိုယ်ကိုယ်တိုင် ဖြေရှင်းရမယ့်အလုပ်တွေ။ ကိုယ်ကိုယ်တိုင် လေ့လာသုံးသပ် ဆုံးဖြတ်ပေးလိုက်ရမယ့်အလုပ်တွေ၊ မှန်မှန်ကန်ကန်ဖြစ်စေချင်လွန်းလို့ အဲဒါအကုန်ပါပြီးပြီ။ ပါထားပြီးပြီ။ အဲဒါကျွန်တော် တဖွဖွပြောပါတယ်။ အဲဒါလေးတော့ သတိထားစေချင်တယ်။ ပြီးအောင်လည်း လုပ်ပေးစေချင်တယ်။ အခုန လယ်ယာမြေနဲ့ အခြားများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးဗဟိုကော်မတီက ချပေးထားတဲ့ မူဝါဒတွေမသိရင်လည်း သိအောင်လုပ်ဖို့လိုတယ်။ စိစစ်ရမယ့်အချက်တွေလည်းရှိတယ်။ စိစစ်ရမယ့်အချက်တွေလည်း ညွှန်ကြားထားတယ်။ အဲဒီဟာတွေလည်း မသိရင်လည်း သိအောင်လုပ်ဖို့လိုတယ်။ လက်တွေ့ကျကျလုပ်မှာထက် ကျွန်တော်တို့ ဒီမှာမေးခွန်းတွေ၊ အဆိုတွေ စကားလုံးပေါင်း ထောင်သောင်းထက် လက်တွေ့ကျကျအလုပ်ကို ပီပီပြင်ပြင်အလုပ်ကိုလုပ်တာက ပိုပြီးတော့ မဲဆန္ဒရှင်တွေအတွက် ပြည်သူတွေအတွက် ပိုပြီးတော့တန်ဖိုးရှိပါတယ်။ အဲဒါလေးတွေကို ကျွန်တော်တို့ ဂရုစိုက်ပေးစေချင်တယ်။ ဒါ ခဏခဏပြောနေရတယ်။ ဒါကြောင့်မို့လို့ ဒါနဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ အချိန်ဆိုတာ အကန့်အသတ်ရှိပါတယ်။ အချိန်ဟာ အကန့်အသတ်နဲ့သွားတာပါ။ ကိုယ့်အလုပ်ကို ကိုယ်ကိုယ့်မဲဆန္ဒရှင်အကျိုးစီးပွားအတွက် တိတိကျကျ လိုက်နာဖို့လိုတယ်။ တိတိကျကျ အကောင်အထည်ဖော်ပေးဖို့လည်း လိုအပ်ပါတယ်။ ဒါလေးတွေတော့ ဂရုစိုက်ပြီး ကြိုးစားပေးစေချင်တယ်။ ကျွန်တော် ဒီကိစ္စကို ခဏခဏပြောရတယ်။ ပြောတဲ့လူတောင် အာပေါက်ရင် အာပေါက်မယ်။ မေးခွန်းနဲ့ အဆိုတွေကတော့ ဒီလိုပဲလာနေတာ။ ကျွန်တော်လည်း မစဉ်းစားတတ်တော့ဘူး” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားသည်။

မြေလွတ်၊ မြေရိုင်းထဲမှ လုပ်ပိုင်ခွင့်ရကုမ္ပဏီများမှာလည်း ဥပဒေစည်းမျဉ်း၊ စည်းကမ်းချိုးဖောက်နေသည့်အပြင် မူလလုပ်ကိုင်နေခဲ့သည့် တောင်သူများကို အကြိမ်ကြိမ် တရားစွဲဆိုဒုက္ခပေးနေမှုများသည် မိမိမဲဆန္ဒနယ်သာမက အခြားသောဒေသများတွင်လည်း ဖြစ်ပေါ်လျက်ရှိကြောင်း အဆိုရှင်ဦးထွန်းထွန်းနိုင်က ပြည်သူ့လွှတ်တော်၌ ဆွေးနွေးပြောကြားသည်။