ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးရှောင်ကျေးရွာ ၃၀၀ ကျော်အနက် ကျေးရွာ ၂၇ ရွာကို နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေ

ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးရှောင်ကျေးရွာ ၃၀၀ ကျော်အနက် ကျေးရွာ ၂၇ ရွာကို နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေ
Published 6 November 2017

တရုတ်နိုင်ငံ နယ်စပ်အနီးမှ ရောက်ရှိလာသူများကို နေရာချပေးထားသည့် ဝိုင်းမော်မိုင်းနား KBC စစ်ရှောင်စခန်းအား တွေ့ရစဉ်

ကချင်ပြည်နယ် အတွင်းရှိ စစ်ဘေးရှောင် ကျေးရွာပေါင်း ၃၀၀ ကျော်အနက် ကျေးရွာ ၂၇ ရွာကို နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

စစ်ဘေးရှောင်များ နေရပ်ပြန်နိုင်ရေးကို  ၂၀၁၅ ခုနှစ် အစိုးရသစ် တက်လာပြီးနောက် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်က ကြိုးစားနေခြင်းဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရအဖွဲ့၊ တပ်မတော်အရာရှိများ၊ ကေအိုင်အို ဒုက္ခသည်များဆိုင်ရာ ကော်မတီ၊ ကေအိုင်အို ဗဟိုအဖွဲ့များနှင့် ညှိနှိုင်းမှုများ ရှိခဲ့ကြောင်း၊ နယ်မြေအခြေအနေအရ နှစ်ဖက်တပ်များနှင့် ထိတွေ့မှု နည်းနိုင်သည့် မြစ်ကြီးနား-ဗန်းမော် ကားလမ်းနံဘေးမှ ကျေးရွာများကို လုပ်ဆောင်နေကြောင်း ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ သိရသည်။

ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွမ်က “ပြန်နိုင်ခြေရှိတဲ့ရွာတွေကို စာရင်းကောက်တော့ ကျေးရွာ ၂၇ ရွာက လူဦးရေ တစ်သောင်းကျော်မယ်။ မြစ်ကြီးနား-ဗန်းမော် ကားလမ်းပိုင်းပေါ့။ ရှမ်းမြောက်ဘက်ရောပေါ့။ ခက်တာက စစ်ဘေးရှောင်တွေက မြစ်ကြီးနားဘက် ပြေးတာရှိတယ်။ လိုင်ဇာကို ပြေးတာရှိတယ်။ အစိုးရဘက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့နဲ့ တွေ့တယ်။ တပ်မတော်ပိုင်းက ကထစမှူး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ လိုင်ဇာက ဒုက္ခသည်များဆိုင်ရာ ကော်မတီ၊ ကေအိုင်အိုဗဟိုနဲ့ တွေ့ဆုံဆွေးနွေးတာရှိတယ်။ အစိုးရဘက်ကတော့ ပြန်စေချင်တယ်။ ကေအိုင်အို ဗဟိုကတော့ နှစ်ဖက်ညှိနှိုင်း အဖြေရမှာသာ စံချိန်အတိုင်း ပြန်စေချင်တယ်။ ကေအိုင်အေနဲ့ တပ်မတော်တို့ ညှိနှိုင်းဆွေးနွေးမှုတော့ လိုကိုလိုအပ်နေတယ်။ စံချိန်အတိုင်း ပြန်ရမယ်ဆိုရင် လုပ်ငန်းစဉ်တွေက များလွန်းနေတယ်။ စစ်ရှောင်တွေ အတွက်လည်း အချိန်အများကြီး နစ်နာနိုင်တယ်။ မိုင်းရှင်း၊ တိုက်ပွဲစောင့်ကြည့်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ပြန်လည်ထူထောင်ရေး အများကြီး လုပ်ရမယ်။ အဲဒီတော့ အတိုင်းအတာ တစ်ခုအထိပဲ လုပ်နိုင်မယ်။ တချို့ရွာတွေက အစိုးရဘက်ရော၊ ကေအိုင်အေဘက်ရော နှစ်ခြမ်းကွဲသွားတယ်။ အားလုံးပြန်ဖို့တော့ ဆွေးနွေးနေပါတယ်။ တစ်ဖက်တည်းက ပြန်လို့လည်း မဖြစ်နိုင်ဘူး။ ရွာတွေကွဲမယ်။ ပြန်တဲ့သူလည်း အားမရှိဘူး။ စိန်ခေါ်မှုတွေများတယ်။ ပြန်ထူထောင်ရမယ်။ ရွာတွေမှာ တပ်တွေက များနေတယ်။ နောက်တစ်ခုက စိုက်ပျိုးမြေတွေမှာ တရုတ်ငှက်ပျော စိုက်ခင်းလို၊ ကုမ္ပဏီလိုတွေ ဝင်လာတယ်” ဟု ပြောကြားသည်။

စစ်ဘေးရှောင် ပြည်သူများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည့်တို့ ၂၀၁၇ ခုနှစ် မတ်လအတွင်းက တွေ့ဆုံရာတွင်လည်း  စစ်ဘေးရှောင်များက လယ်ယာမြေဆုံးရှုံးမှုများ၊ အကူအညီ အထောက်အပံ လျှော့ချမှုများ၊ အလုပ်အကိုင် ရှားပါးမှုများကို တင်ပြခဲ့ကြသည်။

ကချင်ပြည်နယ်အတွင်း နေရပ်အစောဆုံး ပြန်ခဲ့သူများမှာ မြစ်ကြီးနားမြို့နယ် တာလောကြီးတိုက်နယ်၊ စံကင်းကျေးရွာမှ ရှမ်းတိုင်းရင်းသားများဖြစ်ပြီး ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်တွင် အိမ်ထောင်စု ၁၅ စု၊ လူဦးရေ ၈၃ ဦးဖြစ်ပြီး ဒုတိယအနေဖြင့် ၂၀၁၄ ခုနှစ် မတ် ၃၁ ရက်တွင် ဆွမ်ပရာဘွမ်မြို့၌ ခိုလှုံနေသည့် အိမ်ထောင်စု ခုနစ်စု လူဦးရေ ၄၂ ဦး နေရပ်ပြန်နိုင်ခဲ့သည်။

၂၀၁၁ ခုနှစ်မှစ၍ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားမှုကြောင့် စစ်ဘေးဒုက္ခသည် တစ်သိန်းကျော်မှာ နေရပ်သို့ မပြန်နိုင်ဘဲ ကယ်ဆယ်ရေးစခန်းများ၌ ခိုလှုံနေခဲ့ရသည်မှာ ခြောက်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာပေါင်း ၃၀၀ ကျော်မှ ဒေသခံများမှာ စစ်ဘေးရန်မရှိသည့် ဒေသများသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ပြီး ခရစ်ယာန် ဘုရားရှိခိုးကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ နီးစပ်ရာဆွေမျိုးများထံ မှီခိုနေထိုင်ခဲ့ကြသည်။

အစိုးရလက်အောက် ခိုလှုံလာသည့် စစ်ဘေးရှောင်များမှာ မြစ်ကြီးနားခရိုင်တွင် စခန်းပေါင်း ၄၁ စခန်း၊ ဗန်းမော်ခရိုင်တွင် ၂၈ စခန်း၊ မိုးညှင်းခရိုင်တွင် ၂၈ စခန်း၊ ပူတာအိုခရိုင်တွင် နှစ်စခန်း၊ စုစုပေါင်း ၉၅ စခန်းရှိ ပြီး အိမ်ထောင်စု ၉၃၉၂ စု၊ လူဦးရေ ၄၃၃၈၀ မှာ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေရဆဲဖြစ်ကြောင်း ၂၀၁၆ ခုနှစ် မေလကုန်တွင် အစိုးရအဖွဲ့ ကောက်ယူထားသည့် စာရင်းအရ သိရသည်။

ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်သူပေါင်း ရှစ်သောင်းကျော်ရှိနေပြီး အစိုးရ ထိန်းချုပ်နယ်မြေတွင် နေထိုင်သူများထက် အကူအညီရရှိမှု လျော့ကျကာ ချို့တဲ့မှုများ ရှိနေကြောင်း သိရသည်။

ငါးနှစ်တာ ကာလအတွင်း အစိုးရ စိုးမိုးမှု ဒေသအတွင်း ခိုလှုံနေသူ လေးသောင်းကျော်အတွက် ငါးနှစ်တာအတွင်း ကျပ်သန်းပေါင်း တစ်သောင်းကိုးထောင်ကျော် အသုံးပြုခဲ့ပြီး ကေအိုင်အေ ထိန်းချုပ်နယ်မြေ အတွင်းရှိ စစ်ရှောင်ရှစ်သောင်းကျော် အတွက် ငါးနှစ်တာအတွင်း မည်မျှအသုံးပြုခဲ့သည်ကို မသိရပေ။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က ၂၀၁၇ ခုနှစ် မတ် ၂၀ ရက်က ပြည်နယ်လွှတ်တော်တွင် နယ်မြေလုံခြုံရေး အခြေအနေကြောင့် ထွက်ပြေးတိမ်းရှောင် လာသူများကို ကူညီစောင့်ရှောက်လျက်ရှိရာ DIP စခန်းပေါင်း ၉၄ ခု၊ အိမ်ထောင်စု ၈၀၀၁ စု၊ လူဦးရေ ၃၉၀၂၀ ဦးအား ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လူမှုအသင်းအဖွဲ့များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့များက လစဉ်ထောက်ပံ့လျက်ရှိပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ တစ်လအတွင်း ကျပ် ၅၇၇၉ သိန်း ထောက်ပံခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း၊ ဝင်ငွေတိုးလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း စသည့် လူမှုစီးပွား အဆောက်အအုံများကိုလည်း တည်ဆောက်ထားကြောင်း တင်ပြခဲ့သည်။

 

Most Read

Most Recent