ကလေးငယ်များအတွက် အွန်လိုင်းတွင် ရောင်းချနေသည့် အစားအသောက်များကို FDA က အာမခံချက်မပေး

ကလေးငယ်များအတွက် အွန်လိုင်းတွင် ရောင်းချနေသည့် အစားအသောက်များကို FDA က အာမခံချက်မပေး
Published 6 November 2017

စူပါမားကက်တစ်ခုတွင် တရားဝင်ရောင်းချနေသော ကုန်ပစ္စည်းများကို တွေ့ရစဉ်

နို့စို့ကလေးနှင့် ကလေးငယ်များအတွက် အွန်လိုင်းတွင် ရောင်းချ နေသည့် အစားအသောက်များကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက အာမခံချက်မပေးကြောင်း သိရသည်။

နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များဈေး ကွက်တင်ခြင်းဆိုင်ရာ အမိန့်စာပါ စည်းကမ်းချက်များကို လိုက်နာမှုရှိ မရှိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စူပါမားကက်များ အပါအဝင် လက်လီ/လက်ကား အရောင်းဆိုင်များကို မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှအခါ အားလျော်စွာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

“အွန်လိုင်းတွေမှာ ရောင်းနေတဲ့ တချို့နို့မှုန့်တွေ၊ ဖြည့်စွက်စာတွေနဲ့ ပတ်သက်လို့ FDA ကအာမခံချက် မပေးထားသလို တရားလည်း မဝင်ပါဘူး။ အွန်လိုင်းက ပစ္စည်းနဲ့ အပြင်မှာဖြန့်နေတဲ့ ပစ္စည်း၊ တံဆိပ် အမျိုးအစားတွေက အများအားဖြင့် တူနေတတ်တယ်။ ဒါတွေက ဘယ်လိုလမ်းကြောင်းက ဝင်တယ်။ ဘယ်လို တင်သွင်းသလဲ ဆိုတာတွေကို အတိအကျ မစစ်ဆေးနိုင်သေးဘူး။ အခုစစ်တယ်ဆိုတာ တရားဝင် ဖြန့်ဖြူးရောင်းချတဲ့ စူပါမားကက်တွေ၊ လက်လီ/လက်ကား အရောင်းဆိုင်တွေကို စစ်တယ်။ ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေကိုလည်း ရက်သတ်မှတ်ပေးပြီး သူတို့ကုန်ပစ္စည်းတွေကို သတ်မှတ်ချက်အတိုင်းလုပ်ဖို့ ညွှန်ကြားထားပြီးသားပါ” ဟု မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် ဇူလိုင်က ထုတ်ပြန်သည့် “နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်” အရ ကလေးငယ်များ အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ၊ မိခင်နို့ရည် အစားထိုးအစာများကို ဈေးကွက် တင်ခြင်းများ ပြုလုပ်ခွင့် မရှိသော်လည်း အချို့သော ရောင်းချသူများက အွန်လိုင်းမှတစ်ဆင့်သော်လည်း ကောင်း၊ ဈေးကွက်အတွင်းရှိ အရောင်းဆိုင်များတွင် သော်လည်းကောင်း ကြော်ငြာအမျိုးမျိုးဖြင့် ရောင်းချခြင်းများ ရှိနေကြောင်းနှင့် အချို့သော အွန်လိုင်းတွင် ရောင်းချနေသည့် နို့မှုန့်များမှာ မူရင်းကုမ္ပဏီ ဈေးနှုန်းထက် ထက်ဝက်နီးပါး သက်သာပြီး FDA ထောက်ခံချက်များ ဖော်ပြထားခြင်းမရှိသည့် နို့မှုန့်များကိုပင် ရောင်းချမှုများ ရှိနေကြောင်း ယင်းပစ္စည်းများကို သုံးစွဲမိသူများထံမှ သိရသည်။