နေပြည်တော် စည်ပင်ဌာနမှူး နှစ်ဦးကို အဂတိ လိုက်စားမှုဖြင့် မန္တလေးတိုင်း တရားလွှတ်တော်တွင် စတင်တရားစွဲဆို

နေပြည်တော် စည်ပင်ဌာနမှူး နှစ်ဦးကို အဂတိ လိုက်စားမှုဖြင့် မန္တလေးတိုင်း တရားလွှတ်တော်တွင် စတင်တရားစွဲဆို
Published 1 November 2017

နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာန ဌာနမှူး ဦးမင်းလွင်စိုးနှင့် သားသတ်ရုံဌာနမှူးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အမှုဖွင့်ထားရာ အောက်တိုဘာ ၃၁ ရက် ညနေ လေးနာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် စတင်တရားစွဲဆို ရုံးထုတ်ခဲ့ကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ဈေးခုံစနစ်အား ဖျက်သိမ်း၍ ပြောင်းလဲလုပ်ကိုင်ရန် ညွှန်ကြားခဲ့ရာ ဈေးခုံရောင်းချသူများ အနေဖြင့် ဈေးခုံလေလံစနစ်ဖြင့်သာ ပြန်လည်လုပ်ကိုင်ရန် ညှိနှိုင်းခဲ့ပြီး ဦးမင်းလွင်စိုးနှင့် ဒေါက်တာခိုင်စိုးလှတို့ နှစ်ဦးကို လာဘ်ငွေပေးခဲ့ရသဖြင့် အရေးယူပေးရန် နိုင်ငံတော်သမ္မတရုံး အပါအဝင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် အခြားသက်ဆိုင်ရာဌာန ၁၃ ခုသို့ သြဂုတ် ၂၁ ရက်က တိုင်ကြားခဲ့သည်။

ထိုသို့တိုင်ကြားမှုကို စစ်ဆေးခဲ့ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာတိုက်ဇံနှင့်အဖွဲ့က တိုင်ကြားသူနှင့် စွပ်စွဲသူ သက်သေစုစုပေါင်း ၁၇ ဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှူး (ဒုညွှန်ချုပ်) ဦးမင်းလွင်စိုးသည် သားသတ်လိုင်စင်ရရှိသူ ဦးဘိုဘိုဟန်ထံမှ ကျပ်သိန်း ၂၀ ကို ယခုနှစ် မတ်လအတွင်း လက်ခံရယူခဲ့ကြောင်း၊ သားသတ်ဌာနဌာနမှူး ဒေါက်တာခိုင်စိုးလှသည်လည်း ဦးဘိုဘိုဟန်ထံမှ ကျပ်သိန်း ၄၀ ကို ယခုနှစ် မေလအတွင်း လက်ခံရယူခဲ့သည်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေးပေါ်ပေါက်ခဲ့၍ တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။

“နေပြည်တော် စည်ပင်က ဌာနမှူးနှစ်ဦးကို ဒီနေ့ တိုင်းတရားလွှတ်တော်မှာ စတင်တရားစွဲတင်တာ ဖြစ်ပါတယ်။ ဒေါက်တာခိုင်စိုးလှကိုတော့ နိုဝင်ဘာ ၁၄ ရက်နေ့နဲ့ ဦးမင်းလွင်စိုးကိုတော့ ၁၅ ရက်နေ့ ပြန်လည်ချိန်းဆို လိုက်ပါတယ်” ဟု မန္တလေးတိုင်းဒေသကြီး တရားရေး ဦးစီးမှူး ဦးမြင့်စိုးက ပြောကြားသည်။

၎င်းတို့ကို ဇမ္ဗူသီရိမြို့နယ် တရားရုံးတွင် ချုပ်ရမန်တောင်းခံခဲ့ပြီး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၃) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အောက်တိုဘာ ၃၀ ရက်က ချုပ်နှောင်ခဲ့ပြီးနောက် တိုင်းတရားလွှတ်တော်တွင် တရားစွဲတင်ပြီး အိုးဘိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent