နယ်မြေရှင်းလင်းမှုများ မရှိတော့သော်လည်း ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာနေဆဲဖြစ်ပြီး အလယ်သံကျော်ကမ်းခြေတွင် တစ်ဖက်နိုင်ငံသို့ထွက်ခွာရန် ဘင်္ဂါလီတစ်ထောင်ခန့် ရောက်ရှိနေ

နယ်မြေရှင်းလင်းမှုများ မရှိတော့သော်လည်း ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ခွာနေဆဲဖြစ်ပြီး အလယ်သံကျော်ကမ်းခြေတွင် တစ်ဖက်နိုင်ငံသို့ထွက်ခွာရန် ဘင်္ဂါလီတစ်ထောင်ခန့် ရောက်ရှိနေ
Published 31 October 2017

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ခွာရန် အလယ်သံကျော်ကမ်းခြေတွင် ရောက်ရှိနေသော ဘင်္ဂါလီများအား ဘူးသီးထောင်မြို့နယ် ဆရာဝန်ကြီးနှင့်အဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဉ်

နယ်မြေရှင်းလင်းမှုများမရှိတော့ဘဲ တပ်မတော်စစ်ကြောင်းများ ထုတ်နုတ်ထားပြီးဖြစ်သော်လည်း ဘင်္ဂါလီများ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်ထွက်ခွာနေဆဲဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်သို့ထွက်ခွာရန် အလယ်သံကျော်ကမ်းခြေတွင် ဘင်္ဂါလီတစ်ထောင်ခန့် ရောက်ရှိနေကြောင်း သိရသည်။

မောင်တောမြို့နယ်တောင်ပိုင်း အလယ်သံကျော်ကမ်းခြေတွင် ဘင်္ဂါလီတစ်ထောင်ကျော် ရောက်ရှိနေခြင်းဖြစ်ပြီး အဆိုပါရောက်ရှိနေကြသူများမှာ ဘူးသီးတောင်မြို့နယ် ဖရုံချောင်း၊ ဒိုးတန်း စသည့်ကျေးရွာများမှ ဘင်္ဂါလီအများစုဖြစ်ပြီး တစ်ဖက်နိုင်ငံသို့ သွားရန်ရောက်ရှိနေခြင်းဖြစ်ကြောင်းနှင့် နေရပ်ကိုမပြန်တော့ကြောင်း ပြောဆိုကြသည်ဟု သိရသည်။

အောက်တိုဘာ ၃၀ ရက်က အဆိုပါဘင်္ဂါလီများအား သွားရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သည့် ဘူးသီးတောင်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းကျော်က “ကျွန်တော်တို့က ဘယ်ကလာကြလဲ။ ဘယ်မြို့နယ်ကလာကြလဲ။ ဘာကြောင့်သွားကြလဲ ဘယ်ကိုသွားကြလဲ။ ကိုယ့်ရဲ့မူလကျေးရွာတွေကို ပြန်မသွားကြတော့ဘူးလားလို့ မေးဖြစ်ပါတယ်။ အဲဒီလိုမေးတဲ့အခါမှာ အခုကမ်းခြေကို ရောက်နေတဲ့သူတွေက ဘူးသီးတောင်မြို့နယ်ဖရုံချောင်း ကျေးရွာ၊ အောင်ဘကျေးရွာ၊ ဒိုးတန်းကျေးရွာတွေကများပါတယ်။ တချို့တလေက ရသေ့တောင် အာကာတောင်ကျေးရွာကနေပြီးတော့ လာတဲ့သူလည်းပါပါတယ်။ ကျွန်တော်တို့က အဲဒီကမ်းခြေမှာပဲ လူတစ်ထောင်ကျော်ကျော်ကို တွေ့ခဲ့ပါတယ်။ အဲဒါနဲ့ ကိုယ့်နေရပ်မှာ သွားပြီးတော့နေရင်လည်း အစားအသောက် အနေအထိုင်ကအစ နိုင်ငံတော်ပိုင်းက စောင့်ရှောက်ပေးနေပါတယ်။ ဘာကြောင့်မပြန်ကြလဲဆိုတော့ မဟုတ်ဘူးတဲ့ သူတို့သွားပါမယ်တဲ့၊ တစ်ဖက်ကမ်းကိုပဲသွားပါမယ်။ မပြန်တော့ဘူးလို့ ပြောပါတယ်။ ဒီအထဲမှာ ကျွန်တော်တို့ ကျန်းမာရေးဌာနက မွေးထားတဲ့ ကျန်းမာရေးလုပ်သားများကိုတောင် တွေ့ခဲ့ရပါတယ်” ဟုပြောကြားသည်။

လက်ရှိအနေအထားတွင် နယ်မြေရှင်းလင်းမှုများမရှိဘဲ စစ်ကြောင်းများ ထုတ်နုတ်ထားသည့် အနေအထားတွင်ပင် ဆက်လက်ထွက်ခွာနေသူများနေသည်မှာ တစ်ဖက်နိုင်ငံမှ ခေါ်ယူနေသည်များရှိနေသည်ဟု သုံးသပ်ရကြောင်း ဒေါက်တာသန်းထွန်းကျော်က ပြောကြားသည်။

ဘင်္ဂါလီများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရောက်လာသည့်အဖွဲ့အား လက်ခံခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုကို ယုံကြည်မှုရှိကြောင်းလည်း သိရသည်။

အလယ်သံကျော်ကမ်းခြေသို့ ရောက်ရှိနေသည့် ဘင်္ဂါလီများတွင် ဝမ်းရောဂါဖြစ်ပွားနေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တစ်ကိုယ်ရေသန့်ရှင်းမှုမရှိသဖြင့် ဖြစ်ပေါ်သောရောဂါများသာ တွေ့ရပြီး ရောဂါကြီးကြီးမားမား မတွေ့ရကြောင်း သိရသည်။

အောက်တိုဘာ ၁၀ ရက်ကလည်း မောင်တောဒေသသို့ လေ့လာရေးရောက်ရှိလာသည့် ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံတကာသံတမန်များနှင့် သတင်းမီဒီယာ စုစုပေါင်းလေးဆယ်ကျော်ပါဝင်သည့် လေ့လာရေးအဖွဲ့တို့သည် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၎င်းတို့ဆန္ဒအလျောက် သွားရောက်ရန် ကမ်းခြေသို့ရောက်ရှိနေသည့် ဘင်္ဂါလီတစ်ထောင်ကျော်နှင့် တွေ့ဆုံမေးမြန်းပြီး နေရပ်သို့ပြန်ရန် ပြောဆိုခဲ့သော်လည်း ဘင်္ဂါလီများ ငြင်းဆန်ခဲ့ကြသည်။

Most Read

Most Recent