ကွက်ခိုင်မြို့နယ်တွင် မီးသွေးဖုတ်ပြန်လာသည့် ကချင်တိုင်းရင်းသားနှစ်ဦး အမည်မသိအဖွဲ့တစ်ခုက တူမီးသေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ်မှုကြောင့် တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

ကွက်ခိုင်မြို့နယ်တွင် မီးသွေးဖုတ်ပြန်လာသည့် ကချင်တိုင်းရင်းသားနှစ်ဦး အမည်မသိအဖွဲ့တစ်ခုက တူမီးသေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ်မှုကြောင့် တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ
Published 30 October 2017

ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် ပန်ကိုင်ကျေးရွာအုပ်စု ဟူးကျီးကျေးရွာအနီးတွင် အောက်တိုဘာ ၂၉ ရက် နံနက် ၄ နာရီခန့်က မီးသွေးဖုတ်ပြန်လာသည့် ကချင် တိုင်းရင်းသားနှစ်ဦးကို အမည်မသိအဖွဲ့တစ်ဖွဲ့မှ တူမီးသေနတ်များဖြင့် ချောင်းမြောင်းပစ်ခတ်မှုကြောင့် တစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဘန်ကိုင်ကျေးရွာအုပ်စု ရာအိမ်မှူး ဦးလနန်က ပြောကြားသည်။

တူမီးသေနတ်များဖြင့် ချောင်းမြောင်းပစ်ခံခဲ့ရသူနှစ်ဦးမှာ ဦးတူးနန်နှင့် ဦးရိဝူတို့ဖြစ်ကြောင်း ဦးယီဝူးသည် ဦးတူးနန်၏နောက်မှ မလှမ်းမကွာ လိုက်လာခဲ့သောကြောင့် ထိမှန်ခြင်း မရှိဘဲ ဦးတူးနန်မှာ စိုးရိမ်ရသည့်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

“ဒီကနေ့ မနက် ၄ နာရီလောက်မှာဖြစ်တာ။ အခင်းဖြစ်ပွားတဲ့နေရာကတော့ နမ့်ဖတ်ကာ ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ ခြံဝင်းနားမှာ ဖြစ်တာ။ ဖြစ်တဲ့နှစ်ယောက်က ညအချိန်မှာ ထင်းအခြောက်တွေကိုသွားပြီး မီးသွေးဖုတ်တာ။ ပြန်လာတဲ့အချိန်မှာ တူမီးသေနတ်နဲ့ ချောင်းမြောင်းပစ်ခံရတာ။ ဒူးနှစ်ဖက်ရော ပေါင်မှာပါမှန်တယ်။ အခု နမ့်ဖတ်ကာဆေးရုံကနေ မူဆယ်ဆေးရုံကိုရောက်သွားပြီ။ အရိုးထိရင်တော့ စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်။ တူမီးသေနတ်မှန်တဲ့သူက တစ်ယောက်ထဲပါ” ဟု ဘန်ကိုင်ကျေးရွာအုပ်စု ရာအိမ်မှူး ဦးလနန်က ပြောကြားသည်။

ကွက်ခိုင်မြို့နယ် နမ့်ဖတ်ကာအုပ်စု ဘန်ကိုင်ကျေးရွာအနီးတွင် ယင်းကဲ့သို့ဖြစ်စဉ်မျိုး ယခင်ကမရှိခဲ့ဖူးကြောင်း၊ ညအချိန်ဖြစ်သည့်အတွက် မည်သူမည်ဝါက ပစ်ခတ်သွားသည်ကို မသိလိုက်ရကြောင်း ပစ်ခတ်မှုအား ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဦးရိဝူက ဆိုသည်။

“ကျွန်တော်က ပစ်ခတ်ခံရသူရဲ့သူငယ်ချင်းပါ။ အတူတူ မီးသွေးဖုတ်သွားကြတာ။ အတူပြန်လာတယ်။ ပေါင်ထဲမှာမှန်တာ။ ပစ်ခံရတဲ့နေရာနဲ့ လေးလှန် ငါးလှန်လောက်ပဲရှိတာ။ ပစ်တဲ့သူတွေကိုမမြင်ရလိုက်ဘူး။ မှောင်နေလို့။ ကျွန်တော်တို့လည်း ဒီအတိုင်း လမ်းလျှောက်နေရင်းနဲ့ ပစ်ခတ်ခဲ့ရတာ။ ကျွန်တော်က နောက်ကလိုက်လာတာ။ ပစ်ခံလိုက်ရတဲ့သူက အရှေ့ကနေသွားတာ။ ကျွန်တော့်သူငယ်ချင်းပဲ ပစ်ခတ်ခံခဲ့ရတာ။ စိုးရိမ်ဖို့ကောင်းတယ်” ဟု တူမီးသေနတ် ပစ်ခတ်ခံရမှုအား ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဦးရိဝူက ပြောကြားသည်။