မော်လမြိုင်မြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌအပါအဝင် ပါတီဝင်များ နုတ်ထွက်စာတင်

မော်လမြိုင်မြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌအပါအဝင် ပါတီဝင်များ နုတ်ထွက်စာတင်
Published 30 October 2017

 

မော်လမြိုင်မြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌအပါအဝင် ပါတီဝင်များမှ အောက်တိုဘာ ၂၄ ရက်က ပါတီသို့နုတ်ထွက်စာ တင်ခဲ့ကြောင်း သိရသည်။

“မွန် သံဃာတော်တွေနဲ့မွန်ပြည်သူတွေ ဖြစ်စေချင်ကြတဲ့ မွန်အမျိုးသား စည်းလုံးညီညွတ်ရေးကို မွန်နိုင်ငံရေးပါတီတွေက အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်းမရှိတဲ့ကို ကျွန်တော်တို့မော်လမြိုင်မြို့နယ် မွန်ဒေသ လုံးဆိုင်ရာဒီမိုကရေစီပါတီ (AMDP) က ပါတီဥက္ကဋ္ဌ နိုင်အောင်ချမ်းရယ်၊ ကျွန်တော်ရယ်၊ နောက်ပါတီဝင် ငါးဦးရယ်က အောက်တိုဘာ ၂၄ ရက်က ပါတီဗဟိုကို နုတ်ထွက်စာ တင်ခဲ့ပါတယ်”ဟု မော်လမြိုင်မြို့နယ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး နိုင်စောနန်က ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိကို မွန်အမျိုးသား စည်းလုံး ညီညွတ်ရေးအတွက် မွန်သံဃာတော်တွေ နဲ့ မွန်ပြည်သူတွေ တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြသော်လည်း အားလုံးမျှော်လင့်ထားတဲ့ ရလဒ်တစ်စုံတစ်ရာ ထွက်ပေါ်လာခဲ့ခြင်း မရှိဘူး။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီဝင်တွေအနေနဲ့ မွန်နိုင်ငံရေးပါတီများအပေါ် မျှော်လင့်ခဲ့တဲ့ မွန်တိုင်းရင်းသားတို့အတွက် အခွင့်အရေးတွေ ဆောင်ရွက်ပေးရေး၊ မွန်အမျိုးသား စည်းလုံးညီညွတ်ရေး အကောင်အထည်ဖော်ပေးရေး၊ မွန်နိုင်ငံရေး ပါတီများ စည်းလုံးညီညွတ်ရေး စတဲ့အချက်တွေအား မွန်  နိုင်ငံရေး ပါတီများက အကောင်အထည်ဖော်ပေးနိုင်ခြင်း မရှိတဲ့အတွက်ကြောင့် အခုလို ပါတီက နုတ်ထွက်ဖို့ နုတ်ထွက်စာတင်ခဲ့ကြတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် လတ်တလောဖြစ်ပေါ်နေသော မွန်နိုင်ငံရေးပြဿနာများအား အဖြေရှာရန်လာမည့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း မွန်နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှုတည်ဆောက်ရေး ညှိနှိုင်းရေးအဖွဲ့မှ ဦးဆောင် ပြုလုပ်မည့် မွန်အမျိုးသားညီလာခံမှ ထွက်ရှိလာမည့် မွန်နိုင်ငံရေးရလဒ်အပေါ်တွင်မူတည်၍ မွန်နိုင်ငံရေးနှင့် မွန်အမျိုးသားရေး ကိစ္စရပ်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီမှနုတ်ထွက်ခဲ့သည့် ပါတီဝင်များ၏ ပြောကြားချက်များအရ သိရသည်။

“သူတို့နုတ်ထွက်စာတင်တယ်ဆိုတာ ဟုတ်တယ်။ သူတို့နုတ်ထွက်တာ ဘာမှပြောစရာမရှိပါဘူး။ သူတို့နုတ်ထွက်တဲ့ကိစ္စက ကျွန်တော်တို့ CEC အစည်းအဝေးလုပ်ပြီးတော့မှ တင်ပြသွားမယ်” ဟုမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တွဲဖက်အတွင်းရေးမှူး နိုင်စံတင်က ပြောကြားသည်။

ယခုနှစ်အတွင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး အပါအဝင် ဗဟိုအလုပ်အမှုဆောင်၊ မြို့နယ်၊ ရပ်/ကျေး အလုပ်အမှုဆောင်များနှင့် ပါတီဝင်များ နုတ်ထွက်မှုများရှိကြောင်း သိရသည်။