စာသင်ကျောင်းတွင် ခိုလှုံနေကြသည့် ကိုင်းကြီး (မြို) ရွာသားများ ယာယီနေထိုင်ရန် မောင်တော-အငူမော် ကားလမ်းနံဘေးတွင် နေအိမ်များ ဆောက်လုပ်

စာသင်ကျောင်းတွင် ခိုလှုံနေကြသည့် ကိုင်းကြီး (မြို) ရွာသားများ ယာယီနေထိုင်ရန် မောင်တော-အငူမော် ကားလမ်းနံဘေးတွင် နေအိမ်များ ဆောက်လုပ်
Published 30 October 2017

ကိုင်းကြီး (မြို) ကျေးရွာသားများအတွက် ယာယီနေအိမ်များ ဆောက်လုပ်နေမှုကို တွေ့ရစဉ်

ကျေးရွာစာသင်ကျောင်းတွင် ခိုလှုံနေကြသည့် ကိုင်းကြီး (မြို) ရွာသားများ ယာယီနေထိုင်ရန် မောင်တော-အငူမော် ကားလမ်းနံဘေးတွင် နေအိမ်များ ဆောက်လုပ်မှု စတင်နေပြီဖြစ်ကြောင်း သိရသည်။

ရွာသားရှစ်ဦး သတ်ဖြတ်ခံခဲ့ရသည့် ကိုင်းကြီး (မြို) ရွာသားများသည် မူလနေရာဖြစ်သော မေယုတောင်ပေါ်တွင် မနေရဲတော့သဖြင့် ပြောင်းရွှေ့နေရာချထားရန် တောင်းဆိုခဲ့ရာ မောင်တော-အငူမော် ကားလမ်း၏ အရှေ့ဘက် မေယုတောင်ခြေတွင် ရွာသစ်တည်ရန် အစိုးရက ပန္နက်ရိုက်ပြီး ဖြစ်သည်။ သို့ရာတွင် လက်ရှိရွာသားများ ခိုလှုံနေသည့် ကိုင်းကြီး (ရခိုင်) စာသင်ကျောင်းမှာ ကျောင်းပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ပြီး နေရာမဆံ့သဖြင့် ယာယီနေထိုင်ရန် တာပေါ်လင်အမိုး ဝါးအိမ်ငယ်များ ဆောက်လုပ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုင်းကြီး (မြို) ကျေးရွာအား မောင်တောမြို့နယ် တောင်ပိုင်း ဝေသာလီ- ဥဒေါင်းကွန်ကရစ်လမ်းဘေး အရှေ့ဘက် မေယုကြိုးဝိုင်း၊ သံဒါကျေးရွာအုပ်စု၊ သံဒါ ကွင်း၊ ကွင်းအမှတ် ၁၃၆ တွင် ပြန်လည်နေရာ ချထားခြင်းဖြစ်ပြီး အောက်တိုဘာ ၂၀ ရက်က ပန္နက်ရိုက် အခမ်းအနား ပြုလုပ်ခဲ့ပြီး အိမ်ရာကွက်အရွယ် (၄၀x၆၀)၊ အိမ်ရာကွက်ပေါင်း ၅၀ ကွက်၊ ရွာအဝင်လမ်းအကျယ် ပေ ၆၀၊ ကြားလမ်း၊ ရွာပတ်လမ်းအကျယ် ပေ ၅၀  ဖြင့် တည်ဆောက်မည်ဖြစ်ဟု သိရသည်။

မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီး (မြို) တိုင်းရင်းသားရွာသား မောင်သန်းလှိုင်က “အရင်က လမ်းအရှေ့ဘက် နှစ်မိုင်အကွာမှာ နေပါတယ်။ အဲဒီမှာ ရွာသားရှစ်ဦး ဘင်္ဂါလီ အကြမ်းဖက်သမားတွေ သတ်တာ ခံရပါတယ်။ အဲဒီနောက်မှာ ဝန်ကြီးချုပ်လာတော့ ကားလမ်းဘေးနားမှာ ရွာချပေးဖို့ တင်ပြတော့ အခုအိမ်အလုံး ၅၀ ဆောက်ဖို့ လုပ်နေတုန်းပါ။ နေအိမ်တွေ မပြီးသေးခင်မှာ ခေတ္တနေဖို့ ယာယီတဲ ဆောက်နေပါတယ်။ အလုံး ၄၈ လုံး ဆောက်နေပါတယ်။ တိုက်အိမ် အလုံး ၅၀ ဆောက်ပေးဖို့ ပြောထားပါတယ်။ အခုတော့ ကယ်ဆယ်ရေးက ပေးတာနဲ့ စားသောက်နေပါတယ်။ တဲဆောက်ဖို့ဝါး၊ မိုးဖို့တာပေါ်လင်ကို မြို့နယ်ထွေအုပ်က ပေးပါတယ်” ဟု ပြောကြားသည်။

ကိုင်းကြီး(မြို) တိုင်းရင်းသား ကျေးရွာတွင် အိမ်ထောင်စု ၄၈ စု ရှိခဲ့ရာမှ လက်ရှိတွင် အိမ်ထောင်စု ၄၆ စု၊ လူဦးရေ ၂၅၀ ရှိကြောင်း၊ အောက်တိုဘာ ၁၁ ရက်က ကိုင်းကြီး (ရခိုင်) ကျေးရွာ စာသင်ကျောင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။