ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး ဘင်္ဂါလီဒုက္ခသည်များအား တွေ့ဆုံမေးမြန်း

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ပြီး ဘင်္ဂါလီဒုက္ခသည်များအား တွေ့ဆုံမေးမြန်း
Published 29 October 2017

အောက်တိုဘာ ၂၄ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အူခီရာခရိုင် ခူတူပလောင် ဒုက္ခသည်စခန်းတွင် အိမ်သုံးပစ္စည်းများ ရောင်းချနေသည့် ဘင်္ဂါလီဒုက္ခသည်များကို တွေ့ရစဉ် (Photo: AFP)

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်မှ လူ့အခွင့်အရေး ကျွမ်းကျင်သူသုံးဦး၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပထမဆုံးအချက်အလက် ရှာဖွေရေးတာဝန်သည် အောက်တိုဘာ ၂၇ ရက်တွင် ပြီးဆုံးခဲ့ပြီး ခရီးစဉ်အတွင်း ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) ဒုက္ခသည်များအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။

ARSA ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကို တုံ့ပြန်သည့် မြန်မာတပ်မတော်၏ နယ်မြေရှင်းလင်းရေး ဆောင်ရွက်မှုကြောင့် သြဂုတ် ၂၅ ရက်နောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် ဘင်္ဂါလီဒုက္ခသည်ဦးရေသည် ခြောက်သိန်းခန့်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂက ပြောကြားထားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ခြောက်သိန်းခန့်ရှိသော ဘင်္ဂါလီဒုက္ခသည်များအနက် ၅၈ ရာခိုင်နှုန်းခန့်သည် ကလေးများဖြစ်ကြောင်းနှင့် ၎င်းတို့သည် အာဟာရချို့တဲ့မှုကို ခံစားနေရကြောင်း အောက်တိုဘာ ၂၀ ရက်က ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်က ပြောကြားခဲ့သည်။

ထွက်ပြေးသွားသည့် ဘင်္ဂါလီများသည် ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဘဇားမြို့တစ်ဝိုက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်မှ လူ့အခွင့်အရေးကျွမ်းကျင်သူ သုံးဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရှိနေစဉ်အတွင်း ခူတူပလောင်၊ နာရာပါရာနှင့် ဘာလူခါလီဒုက္ခသည်စခန်းများရှိ ဘင်္ဂါလီဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းမှုများပြုလုပ်ခဲ့ပြီး စိုးရအရာရှိများ၊ သံတမန်များ၊ အင်န်ဂျီအိုများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်သည် ကြားဖြတ်အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီသို့ ၂၀၁၈ ခုနှစ်မတ်လတွင် တင်သွင်းရမည်ဖြစ်ပြီး အပြီးသတ်အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ ၂၀၁၈ ခုနှစ် စက်တင်ဘာတွင် တင်သွင်းရမည်ဖြစ်သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် နှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့် ပတ်သက်ပြီးစုံစမ်းမည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို အိန္ဒိယအထက်တရားရုံးမှ တရားရုံးရှေ့နေ အင်ဒီရာဂျေဆင်းက ဦးဆောင်မည်ဖြစ်ပြီး အခြားအဖွဲ့ဝင်နှစ်ဦးအဖြစ် ဟားဗက်တက္ကသိုလ်ဆင်း သီရိလင်္ကာရှေ့နေ ရက်ဟီကာကိုးမာရာဆွာမိနှင့် သြစတြေးလျနိုင်ငံသား အကြံပေးပုဂ္ဂိုလ် ခရစ္စတိုဖာဒိုမိနစ်တို့နှင့် ဖွဲ့စည်းလိုက်ကြောင်း မေ ၃၀ ရက်တွင် ကုလသမဂ္ဂက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် မြန်မာအစိုးရက အဆိုပါမစ်ရှင်ကို လက်ခံရန်ငြင်းဆန်ခဲ့သည်။

ရခိုင်ပြည်နယ်သို့ စေလွှတ်ရန်စီစဉ်ထားသည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ခေါင်းဆောင်သစ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ၏ ရှေ့နေချုပ်ဟောင်းဖြစ်သူ မာဇူကီဒါရူစမန်အား ဇူလိုင် ၂၇ ရက်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ပြောင်းလဲခန့်အပ်ခဲ့သည်။

မူလက ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို အိန္ဒိယအထက်တရားရုံးမှ တရားရုံးရှေ့နေ အင်ဒီရာဂျေဆင်းက ဦးဆောင်မည်ဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသော်လည်း အင်ဒိုနီးရှားနိုင်ငံ၏ ရှေ့နေချုပ်ဟောင်းဖြစ်သူ မာဇူကီဒါရူစမန်အား ပြောင်းလဲခန့်အပ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မာဇူကီဒါရူစမန်သည် မြောက်ကိုရီးယား လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူးတာဝန်ကို ထမ်းဆောင်ဖူးသူဖြစ်သည်။

ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ ခေါင်းဆောင်ပြောင်းလဲခန့်အပ်လိုက်ခြင်းနှင့် ပတ်သက်၍ ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦး၏ ရိုက်တာသတင်းဌာနကို ပြောကြားမှုအရ အင်ဒီရာဂျေဆင်းသည် ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ တရားဝင်စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ရသေးမီမှာပင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ကြိုတင်သုံးသပ်ပြောဆိုမှုများ ပြုလုပ်ခဲ့သည့်အတွက် ၎င်း၏ဘက်လိုက်မှုကင်းစွာ စုံစမ်းတင်ပြနိုင်မှုအပေါ် ဝေဖန်မှုများထွက်ပေါ်လာပြီးနောက် ရာထူးမှဆင်းပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌနှင့် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇွန် ၁၂ ရက်က စတော့ဟုမ်းမြို့တွင် ဆွီဒင်နိုင်ငံဝန်ကြီးချုပ် စတီဖန်လိုဗန်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်ကို လက်မခံခဲ့ခြင်းအား ရှင်းလင်းပြောကြားရာတွင် ရခိုင်ပြည်နယ်သို့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင် စေလွှတ်ရန်စီစဉ်မှုကြောင့် ပြည်နယ်အတွင်းရှိ ကွဲပြားသည့် လူမှုအသိုင်းအဝိုင်းများအကြား ရန်လိုမုန်းတီးမှု တိုးမြင့်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ဇွန် ၂၉ ရက်ကပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ရခိုင်ပြည်နယ် အရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂမှစေလွှတ်မည့် နိုင်ငံတကာ အချက်အလက်ရှာဖွေဖော်ထုတ်ရေးအဖွဲ့ (Fact Finding Mission) လာရောက်ခွင့်မပြုရန် ညွှန်ကြား၍ ကာကွယ်တားဆီးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့သည်။

Most Read

Most Recent