ကျိုင်းတုံမြို့အဝင် ဘီးခွန်ကောက်စခန်းတွင် မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိ

ကျိုင်းတုံမြို့အဝင် ဘီးခွန်ကောက်စခန်းတွင် မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိ
Published 27 October 2017

ရှမ်းပြည်နယ် အရှေ့ပိုင်းကျိုင်းတုံမြို့ အဝင်ဘီးခွန်ကောက်စခန်း၌ အောက်တိုဘာ ၂၅ ရက်က မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

မိုင်းပျင်းမြို့နေ မြဝင်းဆိုသူက ၎င်းမော်တော်ယာဉ်ဖြင့် မူးယစ်ဆေးဝါးများအား ကျိုင်းတုံမြို့တွင်းသို့ ၎င်းကိုယ်တိုင် သယ်ဆောင်လာကြောင်း သက်ဆိုင်ရာအဖွဲ့မှ ကြိုတင်သတင်းအရ ကျိုင်းတုံမြို့အဝင် ဘီးခွန်ကောက်စခန်းတွင် စောင့်ဆိုင်းနေစဉ် မိုင်းပျင်းမြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့ မြဝင်း မောင်းနှင်လာသည့် ၆၁/၁၉၈၉၊ TOYOTA Crown အဖြူရောင်ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာယာဉ်နောက်ဘက် ပစ္စည်းများထည့်သည့် အခန်းအတွင်းမှ အဖြူရောင် ဆာလာအိတ်တစ်လုံးလျှင် GUANYINWANG နှင့် တရုတ်စာတန်းပါ အဝါရောင် လက်ဖက်ခြောက်အိတ် အတွင်းမှ ICE ဟု ယူဆရသော အဖြူရောင် ပုံဆောင်ခဲ (၁) ကီလိုဂရမ်ပါရှိသည့် ပလတ်စတစ်အိတ်ထုပ် ၃၀ ထုပ်ပါ ရှစ်ထုပ်၊ အိတ်ငယ်ပေါင်း ထုပ် ၂၄၀၊ စုစုပေါင်းအလေးချိန် ၂၄၀ ကီလိုဂရမ်ခန့်နှင့် အစိမ်းရောင် ကျောပိုးလွယ်အိတ်အတွင်းမှ GUANYINWANG နှင့် တရုတ်စာတန်းပါ အဝါရောင် လက်ဖက်ခြောက်အိတ်အတွင်းမှ ICE ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ တစ်ကီလိုဂရမ်ပါရှိသည့် ပလတ်စတစ်အိတ်ထုပ် ၁၀ ထုပ် အလေးချိန် ၁၀ ကီလိုဂရမ်ခန့်အား ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ရဲမှတ်တမ်းတွင် ရေးသားဖော်ပြထားကြောင်း သိရသည်။

ထို့နောက် မြဝင်း၏ ခန္ဓာကိုယ်တွင် လွယ်ထားသည့် Jeep တံဆိပ်ပါ အညိုရောင်သားရေ ဆာလာအိတ်အတွင်းမှ ဖုန်းတစ်လုံး၊ ATM ကတ်တစ်ကတ်၊ ယာဉ်သက်သေခံ ကတ်ပြားတစ်ခု၊ မြဝင်းအမည်ပါယာဉ်မောင်း လိုင်စင်ပါတစ်ခု၊ မြန်မာငွေစက္ကူ ကျပ် ၅၀၀၀ တန် ၆၀ ရွက်၊ စုစုပေါင်း သုံးသိန်းတို့နှင့်အတူ မော်တော်ယာဉ်တစ်စီးအား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့ မူးယစ်တပ်ဖွဲ့စု ၂၈ မှ ဒုရဲအုပ်တင်ကိုကိုက တရားလိုပြုလုပ်တန်းမှုကြောင့် မူးယစ်ဆေးဝါးများ တရားမဝင် လက်ဝယ်တွေ့ရှိသူ မြဝင်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မအရ အမှုဖွင့်အရေးယူရန် တိုင်းတန်းထားကြောင်း သိရသည်။