ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် မီးလောင်မှုဖြစ်ပါက မီးလောင်သည့်နေရာသို့ မီးသတ်ကားများ အချိန်မီရောက်ရှိရန် အခက်အခဲရှိနေ

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် မီးလောင်မှုဖြစ်ပါက မီးလောင်သည့်နေရာသို့ မီးသတ်ကားများ အချိန်မီရောက်ရှိရန် အခက်အခဲရှိနေ
Published 26 October 2017

ရန်ကုန်မြို့တွင်း တစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် မီးလောင်မှုများ ဖြစ်ပွားလျှင် မီးလောင်သည့် နေရာများသို့ မီးသတ်ကားများ အချိန်မီရောက်ရှိရန် အခက်အခဲ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့၌ လမ်းများပိတ်ဆို့နေမှုကြောင့် မည်သည့်နည်းနဲ့မျှ မရောက်နိုင်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ အနေဖြင့် မီးလောင်သည့် နေရာသို့ အမြန်ဆုံးရောက်ရှိကာ အမြန်ဆုံး မီးငြှိမ်းသတ်ချင် ဆန္ဒဖြင့် မော်တော်ယာဉ် ချောင်နေသည့် လမ်းများမှ ဖြတ်မောင်းရကြောင်း၊ ယာဉ်ထိန်းရဲများကလည်း လမ်းရှင်းပေးကြောင်း၊ တတ်နိုင်သမျှ မောင်းပြီးတော့ သွားရကြောင်း၊ သီးသန့်လိုင်းနှင့် သီးသန့်စနစ်များ မထားရှိကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

“ဒါကတော့ အားလုံးသိပါတယ်။ ခက်ခဲတာပဲ။ မရောက်နိုင်ဘူးလေ၊ ဘယ်လိုနည်းနဲ့မှ။ ဒီလောက် လမ်းတွေပိတ်နေတာ ဆိုတော့၊ မီးသတ်ကတော့ အမြန်ဆုံး ရောက်စေချင်တဲ့ အမြန်ဆုံး ငြိမ်းစေချင်တဲ့ ဆန္ဒနဲ့ပေါ့။ မီးသတ်ကတော့  ကိုယ့်ရှေ့မှ လမ်းပိတ်နေပြီဆိုရင် ဟိုးအရှေ့က လမ်းကချောင်နေပြီဆိုရင် အဲဒီလမ်းက ဖြတ်မောင်းတာပဲ မော်တော်ပီကယ်ကို ပြောတယ်။ မော်တော်ပီကယ်လည်း လမ်းရှင်းပေးပါတယ်။ တတ်နိုင်သမျှ၊ မီးသတ်ကားက ဥသြဆွဲတယ် ဆိုရင်လည်း တတ်နိုင်သမျှ၊ ရှင်းပေးတယ်။ တတ်နိုင်သမျှ မောင်းပြီးတော့ သွားကြရတာပေါ့။ များသောအားဖြင့် အဲဒီလိုပဲ မောင်းကြတာပေါ့။ သီးသန့်လိုင်းတွေ မရှိဘူး။ တခြားစနစ်တွေ မရှိဘူး” ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တွင် လျှပ်စစ်ကြောင့် မီးလောင်မှုများ အများဆုံး ဖြစ်ကြောင်းနှင့် ရန်ကုန်မြို့ မီးလောင်မှုအား အချိန်ပြည့်စောင့် ကြည့်နေမှုကိုလည်း ၎င်းကဆက်လက် ပြော ကြားသည်။

“ရန်ကုန်မှာက လျှပ်စစ်နဲ့ပတ်သက်ပြီး မီးလောင်မှုက များတယ်။ လျှပ်စစ်ကြောင့် မီးလောင်တာက မြန်တယ်။ မီးငြှိမ်းသတ်ဖို့က မြန်တယ်။ မီးလောင်မှု အကြီးကြီးတော့ မဖြစ်သွားဘူး။ ရန်ကုန်မြို့မှာ မီးလောင်မှု ဖြစ်စဉ်တွေကို CCTV ကင်မရာခေါ်တယ်။ သူက ဆွဲကြည့်လို့ရတယ်။ ဒီဂရီ ၃၆၀ လှည့်ကြည့်လို့ရတယ်။ ရန်ကုန်မှာရှိတဲ့ အထပ်မြင့် အဆောက်အအုံ ခြောက်နေရာလောက် တပ်ထားတယ်။ Zoom ကင်မရာကြီးတွေပေါ့။ နေ့ခင်းဆိုရင် မီးခိုး၊ ညဆိုရင် မီးရောင်ပေါ့။မသင်္ကာတဲ့ဟာဆိုရင် မီးခိုးကို ချဲ့ကြည့်တယ်။ ဘာဖြစ်နေလဲ ဘာလောင်တာလဲ ဆိုတာကို ကြည့်တယ်။ အဲဒါမျိုးနဲ့တွေ့လို့ လွှတ်တဲ့ မီးလောင်မှုတွေလည်း  တော်တော်များတယ်။ အဲဒါစောင့်ကြည့်တဲ့ အပိုင်းပေါ့။ ၂၄ နာရီ စောင့်ကြည်ပါတယ်” ဟု ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ကိုးလအတွင်း  ရန်ကုန်တိုင်းဒေသကြီးတွင် မီးလောင်မှု ၁၇၉ ကြိမ်ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် ကျပ်သန်းပေါင်း ၃၀၀ ကျော် ဆုံးရှုံးခဲ့သည်။