YBS ဘတ်စ်ကားစနစ်တွင် အစုအဖွဲ့ပိုင်ယာဉ်လိုင်းများ ကုမ္ပဏီဖွဲ့စည်းနိုင်ရန် ကိုယ်စားလှယ်နှစ်ဦးစီ ရွေးချယ်ပြီး ပြန်လည်တင်ပြရန် ညွှန်ကြားထားကြောင်း သိရ

YBS ဘတ်စ်ကားစနစ်တွင် အစုအဖွဲ့ပိုင်ယာဉ်လိုင်းများ ကုမ္ပဏီဖွဲ့စည်းနိုင်ရန် ကိုယ်စားလှယ်နှစ်ဦးစီ ရွေးချယ်ပြီး ပြန်လည်တင်ပြရန် ညွှန်ကြားထားကြောင်း သိရ
Published 25 October 2017

ပြည်သူ့ရင်ပြင်တွင် ရပ်နားထားသည့် YBS ယာဉ်လိုင်းများ၌ ပြေးဆွဲမည့် ဘတ်စ်ကားများကို တွေ့ရစဉ်

YBS ဘတ်စ်ကားစနစ်တွင် အစုအဖွဲ့ပိုင်ယာဉ်လိုင်းများ ကုမ္ပဏီဖွဲ့စည်းနိုင်ရန် ကိုယ်စားလှယ်နှစ်ဦးစီရွေးချယ်ပြီး ပြန်လည်တင်ပြရန် YBS CEO ကညွှန်ကြားထားကြောင်း YBS ဘတ်စ်ကားစနစ်တွင် ဝင်ရောက်ပြေးဆွဲနေသည့် Power Eleven ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ကိုတရုတ်လေး၏ ပြောကြားချက်အရ သိရသည်။

“ကုမ္ပဏီမဖြစ်သေးတဲ့ ယာဉ်လိုင်း ၁၅ ခု၊ အဲဒီထဲမှာ ယာဉ်ကြီးကငါးလိုင်း၊ မီနီဘတ်စ်က ၁၀ လိုင်း၊ စုစုပေါင်းယာဉ်အစီးရေ ၅၀၀ ဝန်းကျင်လောက်ရှိတယ်။ ကုမ္ပဏီမဖြစ်သေးတဲ့ ယာဉ်ပိုင်ရှင်တွေ အစုအဖွဲ့ယာဉ်လိုင်းတွေ အဲဒီယာဉ်လိုင်းတွေကို စီအီးအိုဦးဆောင်ပြီးတော့ ကုမ္ပဏီကြီးတစ်ခုထောင်မယ်။ အဲဒီအတွက်ကြောင့် အစုအဖွဲ့ယာဉ်လိုင်း ၁၅ လိုင်းကနေ ကိုယ်စားလှယ်နှစ်ဦးစီ မိမိတို့ယာဉ်ပိုင်ရှင်တွေ စိတ်ကြိုက်ရွေးချယ်လိုက်။ ရွေးချယ်ပြီး သူ့ဆီကိုတင်ပေးပါ။ ဒါကလမ်းညွှန်ချက်ပေါ့” ဟု ကိုတရုတ်လေးက ပြောကြားသည်။

လက်ရှိတွင် YBS ဘတ်စ်ကားစနစ်တွင် ကုမ္ပဏီအကြီးအဖြစ် သတ်မှတ်ထားသည့် ကုမ္ပဏီများတွင် Omini Focus၊ ပါရမီ ဗန္ဓုလ၊ YBPC၊ YUPT၊ Power Eleven တို့ပါဝင်ကြောင်း သိရသည်။ ကုမ္ပဏီကြီးအဖြစ် သတ်မှတ်မှုကို ကားအစီးရေ ၅၀၀ ဝန်းကျင်နှင့် ကုမ္ပဏီပုံစံကျမှုဖြင့် သတ်မှတ်ကြောင်း သိရသည်။

“လက်ရှိ YBS မှာ ကုမ္ပဏီက ၁၇ ခုရှိတယ်။ ၁၇ ခုမှာ ကုမ္ပဏီကြီးကငါးခု။ ကုမ္ပဏီသေးတာက ၁၂ ခု။ အဲဒီ ၁၂ ခုကို ကုမ္ပဏီကြီးဖြစ်အောင်လို့ ကိုယ်နှစ်သက်ရာ စိတ်သဘောထားတူတာတွေပေါင်းဖို့ ညွှန်ကြားတယ်” ဟု ကိုတရုတ်လေးက ပြောကြားသည်။

YBS ဘတ်စ်ကားစနစ်တွင် ပါဝင်ပြေးဆွဲနေသည့် ယာဉ်လိုင်းများ၌ အများပိုင်ကုမ္ပဏီများ ပေါ်ပေါက်လာရေးအတွက် ဆောင်ရွက်လျက်ရှိပြီး ကုမ္ပဏီများပူးပေါင်းနိုင်ရန် ဆွေးနွေးဆဲကာလဖြစ်ကြောင်း သိရသည်။

“ကုမ္ပဏီ ၁၂ ခုမှာပေါင်းလိုက်လို့ရှိရင် ထွက်လာတဲ့ကုမ္ပဏီတွေက ကျွန်တော်တို့ ကုမ္ပဏီအကြီးတွေနဲ့ပေါင်းရမယ်” ဟု ကိုတရုတ်လေးက ပြောကြားသည်။

လက်ရှိတွင် အများပိုင်ကုမ္ပဏီက ၁၇ ခုရှိပြီး အများပိုင်မဟုတ်ဘဲ ယာဉ်လိုင်းများကို Operator အနေနှင့် လုပ်ဆောင်နေမှုသည် ၁၅ ခုခန့်ရှိကာ စုစုပေါင်း ၃၂ ခုရှိကြောင်း သိရသည်။ ၎င်းတို့အနက် အများပိုင်မဖြစ်သေးသည့် ၁၅ ခုကို အများပိုင်အမြန်ဆုံးဖြစ်ရန်နှင့် စနစ်တကျ အမြန်ဆုံးလုပ်ဆောင်နိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ထားကြောင်း သိရသည်။

YBS ဘတ်စ်ကားစနစ်တွင် ယာဉ်လိုင်းပေါင်း ၁၀၁ လိုင်းရှိကာ ယာဉ်အစီးရေ ၄၀၀၀ ဝန်းကျင်ဖြင့် လက်ရှိတွင် ပြေးဆွဲနေကြောင်း သိရသည်။