မေယုတောင်တန်းတွင် တွေ့ရသည့် အကြမ်းဖက်သမားများ ခိုအောင်းသည်ဟု ယူဆရသော တဲများတွင် နိုင်ငံတကာ ကူညီထောက်ပံ့ရေးပစ္စည်းများ တွေ့ရပြီး UN လက်အောက်ခံ WFP အပါအဝင် NGO၊ INGO အဖွဲ့များမှ တိုက်ရိုက် ပံ့ပိုးနေသလားဆိုသည်ကိုပြောရန် ခက်ခဲကြောင်း ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်း

မေယုတောင်တန်းတွင် တွေ့ရသည့် အကြမ်းဖက်သမားများ ခိုအောင်းသည်ဟု ယူဆရသော တဲများတွင် နိုင်ငံတကာ ကူညီထောက်ပံ့ရေးပစ္စည်းများ တွေ့ရပြီး UN လက်အောက်ခံ WFP အပါအဝင် NGO၊ INGO အဖွဲ့များမှ တိုက်ရိုက် ပံ့ပိုးနေသလားဆိုသည်ကိုပြောရန် ခက်ခဲကြောင်း ရခိုင်ပြည်နယ်အစိုးရ ရှင်းလင်း
Published 31 July 2017

မေယုတောင်တန်းတွင် တွေ့ရသည့် ဘင်္ဂါလီအကြမ်းဖက်သမားများ ခိုအောင်းသည်ဟု ယူဆရသောတဲများတွင် နိုင်ငံတကာ ကူညီထောက်ပံ့ရေးပစ္စည်းများ တွေ့ရပြီး UN လက်အောက်ခံ WFP အပါအဝင် NGO၊ INGO အဖွဲ့များမှ တိုက်ရိုက်ပံ့ပိုးနေသလားဆိုသည်ကို ပြောရန်ခက်ခဲကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

မေယုတောအတွင်း ခရုရှာသွားရင်း ပျောက်ဆုံးနေသူအား လုံခြုံရေးတပ်မတော် စစ်ကြောင်းမှ တပ်ဖွဲ့ဝင်များ၊ ကျေးရွာသားများ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် ဇူလိုင် ၃၀ ရက်က မေယုတောအတွင်း လိုက်လံရှာဖွေရာ ပျောက်ဆုံးနေသူ၏ အသုံးအဆောင်ပစ္စည်း အချို့နှင့် ဘင်္ဂါလီအကြမ်းဖက်သမားများ ဆောက်လုပ်ထားသည်ဟု ယူဆရသော ဆောက်လုပ်ဆဲတဲများကို နေရာသုံးခုတွင် တွေ့ရှိခဲ့ရပြီး အဆိုပါတဲများတွင် တွေ့ရှိခဲ့ရသည့် ရိက္ခာနှင့် အခြားပစ္စည်းများမှာ WFP မှ ထောက်ပံ့သည့် High Energy Biscuits မုန့်ထုပ်များ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများမှ ပြည်သူကို ထောက်ပံ့ထားသည့် ပစ္စည်းများဖြစ်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။

“မနေ့က မေယုတောင်ထဲမှာ တွေ့ရတဲ့ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ ခိုလှုံရာတဲတွေမှာ တွေ့ရတဲ့ပစ္စည်းတွေဟာ နိုင်ငံတကာက လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေး ပစ္စည်းတွဖြစ်နေတယ်။ ဒီနိုင်ငံတကာက ထောက်ပံ့ရေးစ္စည်းတွေဟာ မရောက်သင့်တဲ့ နေရာကိုရောက်နေတယ်။ သူတို့က အကြောင်းပြချက် အမျိုးမျိုးပေးနိုင်တယ်။ ဒါပေမဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာရေးပစ္စည်းတွေဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေ လက်ထဲကို ရောက်နေတယ်ဆိုတာကို လုံးဝငြင်းလို့ မရဘူးဆိုတာတော့ သေချာတယ်လို့ ပြောချင်တယ်။ ဒီပစ္စည်းတွေ အကြမ်းဖက်သမားတွေဆီကို ဘယ်လိုရောက်ရှိသွားသလဲဆိုတာကို ပြည်ထောင်စုအစိုးရအနေဖြင့် အသေအချာ စိစစ် ဖော်ထုတ်ပေးသင့်တယ်” ဟု စစ်တွေဒေသခံ ဦးသန်းထွန်းက ဆိုသည်။

တပ်မတော်စစ်ကြောင်းများက ဇူလိုင် ၃၀ ရက်က သွားရောက်ရှင်းလင်းရာတွင် ဆန်၊ ဆီ၊ မိုးကာ၊ ကော်ဖီမစ်၊ ဘီစကွတ်၊ ဒန်အိုး၊ နိုင်လွန်ကြိုးများကို တွေ့ရှိခဲ့ရကြောင်း ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ပြောကြားသည်။

“ကျွန်တော်တို့ စစ်ကြောင်းက ဇူလိုင် ၃၀ ရက်က သွားရောက်ရှင်းလင်းတဲ့အခါ ကျွန်တော်တို့ မြေပြင်မှာ ဆောင်ရွက်ခဲ့တာကို စစ်သည်တပ်ဖွဲ့ဝင်များ ဆောင်ရွက်ခဲ့တာကို ဓာတ်ပုံအားလုံးနဲ့ သက်ဆိုင်ရာဌာနကို တင်ပြပြီးဖြစ်ပါတယ်။ ဒါတွေဟာဆိုရင် ခုနက ပြောသလို ဆန်ငါးအိတ်၊ ဆီငါးပိဿာ၊ မိုးကာ အပြာအသစ် တစ်လိပ်၊ ကော်ဖီမစ်၊ ဘီစကွတ်၊ ဒန်အိုး၊ နိုင်လွန်ကြိုး ဒါတွေက အစုံရှိပါတယ်။ ဒီအကြမ်းဖက်အဖွဲ့တွေကို နိုင်ငံတကာ NGO၊ INGO အဖွဲ့တွေက ကူညီထောက်ပံ့နေသလား၊ တိုက်ရိုက်ပံ့ပိုးနေသလား။ ဒါကတော့ ပြောရအင်မတန် ခက်ပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ပြောကြားသည်။

မေယုတောအတွင်းမှ တွေ့ရသည့် ယာယီတဲများတွင် နိုင်ငံတကာ အဖွဲ့အစည်းများ၏ ထောက်ပံ့ရေးပစ္စည်းများဖြစ်နေသည်ကို တွေ့ရှိရပြီး အဆိုပါ ထောက်ပံ့ရေးပစ္စည်းများကို ပြည်သူများက ထပ်မံရောင်းချခဲ့သဖြင့် တောတွင်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက သုံးသပ်ပြောကြားသည်။

“အခုဖြစ်စဉ်မှာလည်း ထောက်ပံ့တဲ့ပစ္စည်းတွေ ဖြစ်နေတာကို တွေ့ရှိရပါတယ်။ ဖြစ်နိုင်တာကတော့ရရှိတဲ့ ရိက္ခာတွေအားလုံးဟာ တချို့တွေကလည်း အကုန်သုံးစွဲတယ်။ တချို့တွေကလည်း ပိုလျှံတဲ့ဥစ္စာကို ရောင်းစားတယ်။ ရောင်းစားတဲ့ဥစ္စာတွေကိုပဲ အကြမ်းဖက် အဖွဲ့အစည်းပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် တောတွင်းကို ရောက်ရှိသွားတယ်လို့ ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်” ဟု ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

ဘူးသီးတောင်မြို့နယ် နယ်မြေ (၁၁) ချွတ်ပြင်ကျေးရွာနေ ဦးသန်းဌေး (၃၇ နှစ်) ပါ သုံးဦးသည် ဇူလိုင် ၂၇ ရက် နံနက် ၇ နာရီတွင် မေယုတောင်အနီး ခရုကောက်ရန် ထွက်ခွာသွားရာ ၎င်းတို့ သုံးဦးအနက် ဦးတင်မောင်ဝင်း (၃၇ နှစ်) ပါ နှစ်ဦးသည် ကျေးရွာသို့ ပြန်လည် ရောက်ရှိလာခဲ့ကြောင်း၊ ခရုကောက်ရန် အတူသွားခဲ့သူ ဦးသန်းဌေးသည် ဇူလိုင်၂၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အထိ အိမ်သို့ ပြန်ရောက်မလာ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များ ကျေးရွာသားများ ပါဝင်သော ပူးပေါင်းအဖွဲ့များသည် လိုက်လံ ရှာဖွေလျက်ရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာအတွင်း လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ဇူလိုင် ၃၁ ရက် မွန်းလွဲ ၁ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

Writter: သန်းလှိုင်၊ သားရွှေဦး