ဧရာဝတီမြစ်အတွင်း တရားမဝင်ကျွန်းသစ် အပါအဝင် အခြားသစ်မျိုးစုံ သစ်လုံး၊ သစ်ခွဲသား ၁၃၀၀ သိမ်းဆည်းရမိ

ဧရာဝတီမြစ်အတွင်း တရားမဝင်ကျွန်းသစ် အပါအဝင် အခြားသစ်မျိုးစုံ သစ်လုံး၊ သစ်ခွဲသား ၁၃၀၀ သိမ်းဆည်းရမိ
Published 20 October 2017

ဧရာဝတီမြစ်အတွင်း တရားမဝင်ကျွန်းသစ် အပါအဝင် အခြားသစ်မျိုးစုံ သစ်လုံး၊ သစ်ခွဲသား ၁၃၀၀ သိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ကျောက်မြောင်းဘိနယ်အတွင်း၊ ရေတော်ရွာ၏ အထက်ဘက်နှစ်မိုင်ခန့် အကွာတွင် ယင်းတရားမဝင်သစ်များ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းရမိခဲ့သည့် တရားမဝင်သစ်များတွင် ကျွန်း၊ အင်ကြင်း၊ နဘဲ၊ ဘိုင်၊ ဒီဒူး၊ ကညင်သစ်လုံး၊ ခွဲသား ၁၃၀၀ လုံးချောင်း ပါဝင်သည့် သစ်ဖောင်ခုနစ်ပျစ်အား သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါဖမ်းဆီးမှုဖြစ်စဉ်တွင် ဆက်စပ်ပတ်သက်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စုံစမ်းဖော်ထုတ် ဆောင်ရွက်နေကြောင်း သိရသည်။

ယခုနှစ်တွင် ဧရာဝတီမြစ်အတွင်း၌ တရားမဝင်သစ်သိမ်းဆည်းရမိမှု အများအပြားရှိနေပြီး စက်တင်ဘာလအတွင်းက ကျွန်း၊ အင်ကြင်း၊ သစ်ရာအပါအဝင် သစ်လုံး ၁၀၀၀ ကျော် သိမ်းဆည်းရမိခဲ့သည့်ဖြစ်စဉ် ရှိခဲ့သည်။

သြဂုတ် ၁၉ ရက်မှ ၃၁ ရက်အထိ ဧရာဝတီမြစ်အတွင်း တရားမဝင်ကျွန်းသစ်လုံး ၇၀၀ ခန့် အပါအဝင် သစ်လုံးရေ ၄၃၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ မလယ်ဘိနယ်၊ ဧရာဝတီမြစ်အတွင်းမှ ဖောင်တွဲ၍ ခိုးယူသယ်ဆောင်လာသည့် ကျွန်းသစ် ၄၀၁ လုံး၊ ကျွန်းခွဲသား ၁၀၄ ချောင်းနှင့် ကျွန်းပကာ ၂၅၆ ချောင်း စုစုပေါင်း တန်ချိန် ၉၀ ခန့် ဇူလိုင်လအတွင်းက သိမ်းဆည်းရမိခဲ့သည်။

Most Read

Most Recent