Apple နှင့် Samsung ကို စိန်ခေါ်မည့် AI ဖုန်းကို Huawei က မိတ်ဆက်

Apple နှင့် Samsung ကို စိန်ခေါ်မည့် AI ဖုန်းကို Huawei က မိတ်ဆက်
Published 18 October 2017

အောက်တိုဘာ ၁၆ ရက်က မြူးနစ်မြို့တွင် Huawei ၏ ဖုန်းသစ် Mate 10 ကို မိတ်ဆက်နေစဉ် (Photo : AFP)

တရုတ်နည်းပညာလုပ်ငန်းကြီး Huawei က ၎င်း၏ နောက်ဆုံးပေါ်ဖုန်းကို အောက်တိုဘာ ၁၆ ရက်က ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် မိတ်ဆက်ပြသခဲ့သည်။ အဆင့်မြင့် အသိဉာဏ်တု စွမ်းရည်များ ပါဝင်သော Mate 10 ဖုန်းများသည် ကမ္ဘာတွင် အကြီးဆုံး ဖုန်းကုမ္ပဏီသုံးခုစာရင်း၌ Huawei ၏ နေရာကို ပို၍ခိုင်မာစေမည်ဟု ကုမ္ပဏီက မျှော်လင့်ထားသည်။

ရှန်ကျန်အခြေစိုက် Huawei ၏ ဖုန်းသစ်များသည် ကယ်လီဖိုးနီးယား အခြေစိုက် နည်းပညာလုပ်ငန်းကြီး Apple ကို တိုက်ရိုက်ယှဉ်ပြိုင်ရန် ရည်ရွယ်သည့်ဖုန်းဟု မိုဘိုင်းဖုန်းနယ်ပယ်မှ လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။ Apple က သူ၏ ဖုန်းသစ် Iphone X ကို ထုတ်ဖော်ပြသခဲ့ပြီးနောက် မကြာမီ Huawei  က ဖုန်းသစ်များကို မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာတွင် တတိယအကြီးဆုံး မိုဘိုင်းဖုန်းထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော Huawei ၏ ဖုန်းသစ်များသည် ၅ ဒသမ ၈ လက်မနှင့် ခြောက်လက်မအကျယ် မျက်နှာပြင်များပါဝင်ပြီး OLED မျက်နှာပြင်သုံးထားကာ ဖုန်း၏ ဘေးဘောင်များသည် သေးငယ်သွားခဲ့ပြီး ပြိုင်ဘက် Samsung ဖုန်းများကိုလည်း တုပြိုင်နိုင်ခဲ့သည်။

Huawei ၏ နောက်ဆုံးထုတ် ပရိုဆက်ဆာ Kirin 970 ပါဝင်သည့် Mate 10 Pro ဖုန်းသည် Apple ၏ Iphone 8 တွင် ပါဝင်သော A11 Bionic ပရိုဆက်ဆာကဲ့သို့ပင် အသိဉာဏ်တုဆိုင်ရာ ပရိုဆက်ဆာ ပါဝင်လာခဲ့သည်။

မြင်ကွင်းများ အလိုအလျောက် စစ်ဆေးသိရှိမှု၊ တိုက်ရိုက်ဘာသာပြန်ပေးမှုတို့ ဆောင်ရွက်နိုင်သည့် နည်းပညာများကြောင့် ဖုန်းသည် သုံးစွဲသူ၏ အလေ့အကျင့်များကို သင်ယူနိုင်စွမ်းရှိမည်ဟု Huawei က ပြောကြားခဲ့သည်။ 4000 mAh ဘက်ထရီပါဝင်သော ယင်းဖုန်းများသည် မိနစ် ၃၀ အတွင်း ၅၈ ရာခိုင်နှုန်း အားသွင်းပေးနိုင်သည့် အမြန်အားသွင်းနည်း ပါဝင်သည်။ ထို့ပြင် ဖုန်း၏ USB-C ကြိုးမှတစ်ဆင့် ပြင်ပမော်နီတာနှင့် ချိတ်ဆက်ပြီး မောက်စ်နှင့် ကီးဘုတ်တို့ကို Bluetooth မှတစ်ဆင့် ချိတ်ဆက်ပြီး ကွန်ပျူတာကဲ့သို့ သုံးစွဲနိုင်မည်ဖြစ်သည်။

မကြာသေးခင်နှစ်များအတွင်း ကမ္ဘာတစ်ဝန်း ဖုန်းရောင်းအားအရ ကမ္ဘာ့တတိယ အကြီးဆုံး ဖုန်းကုမ္ပဏီ ဖြစ်လာခဲ့သော Huawei သည် နည်းပညာနှင့် ဒီဇိုင်းအတွက် ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံနေပြီး အဆင့်မြင့်ဖုန်း ထုတ်လုပ်ရေးကို ကြိုးပမ်းနေသည်။ Huawei သည် Mate ဖုန်းများကို နိုဝင်ဘာ ၁၅ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး Mate 10 ဖုန်းကို ၈၂၅ ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်ပြီး Mate 10 Pro ဖုန်းများကို ဒေါ်လာ ၁၀၀၀ ဖြင့် စတင်ရောင်းချမည်ဖြစ်သည်။

Ref : AFP

Most Read

Most Recent