နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံရာတွင် NCA အကောင်အထည်ဖော်မှုအား ပြန်လည်သုံးသပ်ရန် သဘောတူညီ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံရာတွင် NCA အကောင်အထည်ဖော်မှုအား ပြန်လည်သုံးသပ်ရန် သဘောတူညီ
Published 17 October 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တွေ့ဆုံရာတွင် NCA စာချုပ်ပါ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုကို ပြန်လည်သုံးသပ်ရန်အချက်ကို သဘောတူညီခဲ့ကြောင်း ရခိုင်လွတ်မြောက်ရေးပါတီ ALP မှ ဒုတိယ ဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC တွင် အောက်တိုဘာ ၁၆ ရက် မွန်းလွဲပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းအချက်ကို အဓိကအားဖြင့် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောကြားသည်။

ထို့ပြင် JICM အစည်းအဝေးကို သုံးလ တစ်ကြိမ်ကျင်းပရန် အချက်ကိုလည်း သဘောတူညီခဲ့ကြောင်း ၎င်းက ပြောကြားသည်။

“NCA အကောင်အထည်ဖော်မှု Review လုပ်ဖို့ဟာကို တင်ပြတယ်။ သဘောတူတယ်။ အဲဒါပဲ။ အဓိကက အဲဒါပါပဲ။ နောက် JICM အစည်းအဝေးကျင်းပဖို့လည်း သဘောတူတယ်” ဟု ALP ပါတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်က နေပြည်တော်ရှိ Horizon Lake Hotel ဟိုတယ်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားသည်။

JICM အစည်းအဝေးများ ပုံမှန်မကျင်းပနိုင်ခြင်းသည် NCA စာချုပ်ကို အခြေခံပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အဓိကအားနည်းချက်ဖြစ်နေကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ခေါင်းဆောင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက နေပြည်တော်တွင် အောက်တိုဘာ ၁၅ ရက်က ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်စာချုပ် လက်မှတ်ရေးထိုးခြင်း နှစ်နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် ပြောကြားထားသည်။

Most Read

Most Recent