ကမ္ဘာ့ရွှေဈေး ၁၃၀၃ ဒေါ်လာအထိပြန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၁၀၀၀ ကျော်သို့ ပြန်ရောက်လာ

ကမ္ဘာ့ရွှေဈေး ၁၃၀၃ ဒေါ်လာအထိပြန်တက်ခဲ့ပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၄၁၀၀၀ ကျော်သို့ ပြန်ရောက်လာ
Published 15 October 2017

အောက်တိုဘာ ၁၃ ရက်တွင် ကမ္ဘာ့ရွှေဈေး ၁၃၀၃ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး အောက်တိုဘာ ၁၄ ရက်တွင် ပြည်တွင်းဈေးကွက်အတွင်း ရွှေဈေးနှုန်း ကျပ် ၉၄၁၀၀၀ ကျော်အထိ ပြန်လည်မြင့်တက်လာကြောင်း ဈေးကွက်အတွင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၁ ရက်မှစတင်ကာ ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၀၀၀၀၀ အထက်ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့ကာ စက်တင်ဘာ ၁၅ ရက်တွင် ကျပ် ၉၅၇၃၀၀ ဖြင့် စံချိန်တင်ထားသည်။ ထို့နောက် စက်တင်ဘာ ၁၇ ရက်အထိ ကျပ် ၉၅၀၀၀၀ အထက်ရှိခဲ့ပြီး စက်တင်ဘာ ၂၇ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ကျပ် ၉၃၀၀၀၀ ကျော်မှ ကျပ် ၉၃၅၀၀၀ ကျော်ကြား ဖြစ်ပေါ်ခဲ့သည်။ အောက်တိုဘာ ၂ ရက်တွင် ကျပ် ၉၂၅၇၀၀၊ အောက်တိုဘာ ၃ ရက်တွင် ကျပ် ၉၂၂၁၀၀ အထိ ကျဆင်းခဲ့သော်လည်း အောက်တိုဘာ ၄ ရက်တွင် ကျပ် ၉၃၁၀၀၀ ဝန်းကျင်အထိ ပြန်တက်ခဲ့သည်။ အောက်တိုဘာ ၅ ရက်တွင် ကျပ် ၉၂၉၉၀၀၊ အောက်တိုဘာ ၆ ရက်တွင် ကျပ် ၉၂၆၁၀၀ အထိကျဆင်းခဲ့ပြီး အောက်တိုဘာ ၇ ရက်တွင် ကျပ် ၉၃၀၀၀၀ အထက်၊ အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၉၃၆၇၀၀၊ အောက်တိုဘာ ၁၂ ရက်တွင် ကျပ် ၉၃၇၉၀၀၊ အောက်တိုဘာ ၁၃ ရက်တွင် ကျပ် ၉၃၈၉၀၀၊ အောက်တိုဘာ ၁၄ ရက်တွင် ကျပ် ၉၄၁၃၀၀ အထိပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ဧပြီလမှစ၍ အတက်အဆင်းကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၄၀ ခန့်မှ ဒေါ်လာ ၈၀ ခန့်အထိ ကွာခြားခဲ့သည်။

အောက်တိုဘာ ၁ ရက်တွင် ၁၂၇၉ ဒေါ်လာဝန်းကျင်ရှိသော ကမ္ဘာ့ရွှေဈေးနှုန်းသည် အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ၁၂၆၁ ဒေါ်လာအထိ ကျဆင်းခဲ့သော်လည်း အောက်တိုဘာ ၆ ရက်တွင် ၁၂၇၆ ဒေါ်လာ၊ အောက်တိုဘာ ၉ ရက်တွင် ၁၂၈၄ ဒေါ်လာ၊ အောက်တိုဘာ ၁၂ ရက်တွင် ၁၂၉၆ ဒေါ်လာ၊ အောက်တိုဘာ ၁၃ ရက်တွင် ၁၃၀၃ ဒေါ်လာအထိ ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent