ဟောလိဝုဒ် အထင်ကရထုတ်လုပ်သူ ဝိန်စတိန်း မုဒိမ်းမှုစွပ်စွဲချက်ဖြင့် ရင်ဆိုင်နေရ

ဟောလိဝုဒ် အထင်ကရထုတ်လုပ်သူ ဝိန်စတိန်း မုဒိမ်းမှုစွပ်စွဲချက်ဖြင့် ရင်ဆိုင်နေရ
Published 12 October 2017

ဝိန်စတိန်းနှင့် ၎င်း၏ဇနီးဖြစ်သူ ဂျော်ဂျီနာချက်ပ်မန်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီကပြုလုပ်သည့် Vanity Fair Oscar Party တွင် တွေ့ရစဉ် (Photo: AFP)

ဟောလိဝုဒ် အထင်ကရထုတ်လုပ်သူ ဟာဗီးဝိန်စတိန်းက ၎င်းတို့ကို မုဒိမ်းကျင့်ခဲ့သည်ဟု အီတလီသရုပ်ဆောင် Asia Argento နှင့် နောက်ထပ်အမျိုးသမီးနှစ်ဦးတို့က အခိုင်အမာပြောဆိုခဲ့သည်ဆိုသော သတင်းတစ်ပုဒ်ကို New Yorker မဂ္ဂဇင်းက အောက်တိုဘာ ၁၀ ရက်တွင် ဖော်ပြခဲ့သည်။ ကျယ်ပြန့်လာသော ယင်းအရှုပ်တော်ပုံကို ရုပ်ရှင်အသိုင်းအဝန်းအပြင် အမေရိက၏ လစ်ဘရယ်နိုင်ငံရေး ထိပ်တန်းအလွှာကပါ ရှုတ်ချခဲ့ကြသည်။

သည်းထိတ်ရင်ဖိုဇာတ်ကားများဖြင့် ကျော်ကြားခဲ့သည့် ဒါရိုက်တာ Dario Argento ၏ သမီးဖြစ်သူ အသက် ၄၂ နှစ်အရွယ်ရှိ အီတလီသရုပ်ဆောင် Asia Argento က အသက် ၂၀ အရွယ်တွင် ၎င်းကို ဝိန်စတိန်းက ပါးစပ်ဖြင့် ဆက်ဆံခိုင်းခြင်းနှင့် လိင်ဆက်ဆံ ခြင်းများပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

၎င်း၏ အနုပညာအလုပ်ကို ဝိန်စတိန်းက ဖျက်ဆီးမည်ကို စိုးရိမ်သောကြောင့် ယင်းကိစ္စကို နှုတ်ဆိတ်နေခဲ့ရခြင်းဖြစ်သည်ဟု Argento က New Yorker သို့ ပြောကြားခဲ့သည်။

မင်းသမီးတစ်ဦးဖြစ်လိုသည့်  လူစီကာ အီဗန်ဆိုသည့်အမျိုးသမီးကလည်း ၂၀၀၄ ခုနှစ်တွင် နယူးယောက်ရှိ Miramax ရုံးတွင် ဝိန်စတိန်းနှင့် တွေ့ဆုံခဲ့ကြောင်း၊ ၎င်းကို ဝိန်စတိန်းက ပါးစပ်ဖြင့် ဆက်ဆံခိုင်းခဲ့ကြောင်း  ပြောကြားခဲ့သည်။

အမည်ထုတ်ဖော်ပြောရန် ကြောက်ရွံ့သည့် အမျိုးသမီးတစ်ဦးကလည်း  ဝိန်စတိန်းသည် ၎င်းကို ဟိုတယ်အခန်းတစ်ခုသို့ ခေါ်ဆောင်သွားပြီး ၎င်းနှင့် လိင်ဆက်ဆံရန် ဖိအားပေးခဲ့သည်ဟု New Yorker သို့ ပြောကြားခဲ့သည်။ အီတလီမယ်ပြိုင်ပွဲတွင် ဆန်ခါတင်တစ် ဦးဖြစ်ခဲ့သည့်မော်ဒယ် Ambra Battilana Gutierrez ကလည်း ဝိန်စတိန်းသည် ၎င်း၏ ရုံးခန်းရှိ အစည်းဝေးခန်းတွင် မိမိကို ရုတ်တရက်လှမ်းဆွဲခြင်း၊ ရင်သားများကို စမ်းခြင်း နှင့် မိမိ၏စကတ်အောက်သို့ လက်ထည့်ရန် ကြိုးစားခြင်းများလုပ်ခဲ့သည်ဟု ပြောကြားခဲ့ကြောင်း New Yorker တွင် ဖော်ပြခဲ့သည်။ အသက် ၆၅ နှစ်အရွယ်ရှိ ဝိန်စတိန်းကမူ စွဲချက်အားလုံးကို ငြင်းဆိုခဲ့သည်ဟု ၎င်း၏ပြောခွင့်ရပုဂ္ဂိုလ် Sallie Hofmeister က ပြောကြားခဲ့သည်။

 

■ ဂွီးနက်ပက်ထရိုနှင့် အင်ဂျလီနာဂျိုလီကလည်း လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးခံခဲ့ရသည်ဟု ပြောကြား

ဟောလိဝုဒ် ထိပ်တန်းသရုပ်ဆောင်စာရင်းတွင် ပါဝင်သည့် ဂွီးနက်ပက်ထရိုနှင့် အင်ဂျလီနာဂျိုလီတို့ကလည်း ဟောလိဝုဒ်ထုတ်လုပ်သူ ဝိန်စတိန်း၏ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရသူများထဲတွင် ပါဝင်သည်ဟု New York Times က ဖော်ပြခဲ့သည်။

ဂွီးနက်ပက်ထရိုက အသက် ၂၂ နှစ်အရွယ်တွင် ဂျိန်းအော်စတင်၏ Emma ဝတ္ထုကို မှီငြမ်းရိုက်ကူးမည့်ဇာတ်ကားအတွက် ဆွေးနွေးရန် ဘီဗာလီဟေးဟိုတယ်ရှိ ဧည့်ခန်းပါသော ဟိုတယ်ခန်းသို့လာရန် ဝိန်စတိန်းက ချိန်းခဲ့ကြောင်း၊ ဟိုတယ်အခန်းတွင် ဝိန်စတိန်းက နှိပ်နယ်ရန်အတွက် အခန်းထဲသို့သွားရန် အရိပ်အမြွက်ပြောကြားခဲ့ကြောင်း၊ ဝိန်စတိန်းက လိင်ဆက်ဆံရန်ပြောကြားမှုကို ငြင်းဆိုပြီး ဟိုတယ်မှ ချက်ချင်း ထွက်လာခဲ့ကြောင်း ပက်ထရိုက ပြောကြားခဲ့သည်။

အင်ဂျလီနာဂျိုလီကလည်း ၁၉၉၀ ပြည့် လွန်နှစ်များတွင် ဝိန်စတိန်းက ဟိုတယ်ခန်းတစ်ခုတွင် လိင်ဆက်ဆံရန် ချဉ်းကပ်ခဲ့မှုကို ၎င်းက ငြင်းဆိုခဲ့သည်ဟု  ပြောကြားခဲ့သည်။

The King's Speech၊ The Artist အစ ရှိသည့် အောင်မြင်သည့်ဇာတ်ကားများ၏ နောက်ကွယ်တွင် ပါဝင်သည့် ဝိန်စတိန်း၏ အရှုပ်တော်ပုံများကို New York Times က ဖော်ပြခဲ့ပြီး သုံးရက်အကြာ အောက်တိုဘာ  ၇ ရက်တွင် ၎င်းသည် ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။

သမ္မတဟောင်း ဘာရက်အိုဘားမားနှင့် သမ္မတရာထူးအတွက် မျှော်လင့်ခံခဲ့ရသူ ဟီလာရီကလင်တန်တို့က အော်စကာဆုရ ထုတ်လုပ်သူနှင့် ဒီမိုကရက်တစ်ပါတီအား ကာလကြာ အလှူရှင်ဖြစ်သူ ဝိန်စတိန်းအကြောင်း ထုတ်ဖော်မှုများကြောင့် အံ့အားသင့်ခဲ့သည် ဟုပြောကြားပြီး ရှုတ်ချခဲ့သည်။

ဝိန်စတိန်း၏ ဒုတိယဇနီးဖြစ်သူ ဖက်ရှင်ဒီဇိုင်နာ ဂျော်ဂျီနာချက်ပ်မန်းက ယင်းစွပ်စွဲချက်များ ထွက်ရှိနေစဉ် ၎င်း၏ ခင်ပွန်းကို ထားခဲ့တော့မည်ဟု ပြောကြားခဲ့သည်။