မြန်မာနိုင်ငံသို့ ဘင်္ဂါလီဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရေး အဆိုပြုထားမှုအပေါ် မြန်မာနိုင်ငံဘက်မှ တုံ့ပြန်မှု ဘင်္ဂလားဒေ့ရှ်နိုင်ငံက စောင့်မျှော်

မြန်မာနိုင်ငံသို့ ဘင်္ဂါလီဒုက္ခသည်များကို ပြန်လည်ပို့ဆောင်ရေး အဆိုပြုထားမှုအပေါ် မြန်မာနိုင်ငံဘက်မှ တုံ့ပြန်မှု ဘင်္ဂလားဒေ့ရှ်နိုင်ငံက စောင့်မျှော်
Published 7 October 2017

မြန်မာနိုင်ငံသို့ ဘင်္ဂါလီဒုက္ခသည်များ (မူရင်းတွင် ရိုဟင်ဂျာဒုက္ခသည်များဟု သုံးနှုန်းထား) အား ပြန်လည်ပို့ဆောင်ရေး အဆိုပြုထားမှုအပေါ် မြန်မာနိုင်ငံဘက်မှ တုံ့ပြန်မှု ဘင်္ဂလားဒေ့ရှ်နိုင်ငံက စောင့်မျှော်နေကြောင်း အောက်တိုဘာ ၅ ရက် Sputnik သတင်းအရ သိရသည်။

Sputnik နှင့် သီးသန့်အင်တာဗျူးတွင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်၏ ပြန်ကြားရေး ဒုတိယအတွင်းဝန် နာရူးအစ္စလာမ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အလေးအနက်ထားကာ အဆိုပြုထားကြောင်း၊ ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘက်မှ တုံ့ပြန်မှုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက စောင့်မျှော်နေကြောင်း ပြောကြားသည်။

“ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာတဲ့ ဘင်္ဂါလီဒုက္ခသည် (မူရင်းတွင် ရိုဟင်ဂျာဒုက္ခသည်ဟု သုံးနှုန်းထား) အားလုံးကို မြန်မာက ပြန်လည်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်အနေဖြင့် မျှော်လင့်ထားပါတယ်။ ဒီကို ရောက်ရှိလာတဲ့ ဘင်္ဂါလီတွေဟာ အထောက်အထားကတ်တွေ မရှိပါဘူး။ ရခိုင်က နိုင်ငံသားတွေ အမှန်ဖြစ်ကြောင်းကို သူတို့အနေဖြင့် ဘယ်လိုသက်သေပြနိုင်မှာလဲ။ အရမ်းခက်ခဲပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ဘင်္ဂလားဒေ့ရှ်မှာ တရားမဝင်ရောက်ရှိလာတဲ့ နိုင်ငံခြားသား အားလုံးကို မှတ်ပုံတင် စာရင်းသွင်းတာတွေ လုပ်နေပါတယ်” ဟု နာရူးအစ္စလာမ်က ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mr.Abdul Hassan Mahmood Ali ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ သွားရောက်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် အောက်တိုဘာ ၂ ရက်တွင် တွေ့ဆုံကာ မကြာသေးမီက ရခိုင်ပြည်နယ်၌ နေထိုင်သူများ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဖြတ်ကျော် ဝင်ရောက်ခဲ့မှုများအား ေ့ဖြရှင်းရေး ကိစ္စရပ်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည့်အတိုင်း မြန်မာနိုင်ငံအနေဖြင့် ဒုက္ခသည်များအား စိစစ်ရန်နှင့် ပြန်လည်ပို့ဆောင်ရန်ကိစ္စများ ဆောင်ရွက်သွားရန် အသင့်ရှိကြောင်းကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့ပြီး ၁၉၉၂ ခုနှစ် ဧပြီ ၂၈ ရက်တွင် နှစ်ဖက်နိုင်ငံခြားရေးဝန်ကြီးများက ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်ပါ သတ်မှတ်ချက်များအတိုင်း ၁၉၉၂ ခုနှစ် စက်တင်ဘာမှစ၍ ၂၀၀၅ ခုနှစ် ဇူလိုင်အထိ အိမ်ထောင်စု ၄၆,၉၉၃ စုမှ လူဦးရေ ၂၃၆,၄၉၅ ဦးအား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၀၀ ပြည့်နှစ် ဇန်နဝါရီ ၁၄ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှ ရရှိခဲ့သည့် နှစ်ဖက်သဘောတူညီချက်များအတိုင်း ကွဲကွာနေသော မိသားစုများနှင့် ကျန်ရှိနေသော မိသားစုဝင်များကို ပြန်လည်ပို့ဆောင်ရန်အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရမှ အသိအမှတ်ပြုသော တရားဝင် စာရွက်စာတမ်းများ တင်ပြရန် လိုအပ်ကြောင်း၊ အိမ်နီးချင်း နှစ်နိုင်ငံအကြား ဖြစ်ပေါ်လျက်ရှိသည့် ကိစ္စရပ်များကို နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစား၍ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းသွားနိုင်မည်ဟု ခိုင်မာစွာ ယုံကြည်ကြောင်း ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် တည်ရှိနေသည့် ချစ်ကြည်ရင်းနှီးမှုကို အလေးထားကြောင်းနှင့် ထိန်းသိမ်းရန် ဆန္ဒရှိပါကြောင်း၊ Arakan Rohingya Salvation Army (ARSA) အား မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံစလုံး၏ ဘုံရန်သူအဖြစ် ခံယူကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အကြမ်းဖက်မှုများအပေါ် လုံးဝလက်မခံသည့်မူဝါဒကို ကျင့်သုံးလျက်ရှိကြောင်း ထပ်လောင်းအတည်ပြု ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံနယ်စပ် လုံခြုံရေးဆိုင်ရာ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် နှစ်ဖက်သဘောတူထားသည့် သတ်မှတ်ချက်များအတိုင်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လိုသည့် ဒုက္ခသည်များ စိစစ်ရေး ဆက်လက်ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးရန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအား မြန်မာနိုင်ငံ နေပြည်တော်သို့ လာရောက်ရန် ဖိတ်ကြားခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကလည်း ဖိတ်ကြားမှုကို လက်ခံပါကြောင်းဖြင့် ပြောကြားသည်။

Most Read

Most Recent