ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ မြှုပ်ထားသည့်နေရာအား ဖုန်းဖြင့်ပြောခဲ့သည့် အမျိုးသမီးရှစ်ဦး ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာ

ဟိန္ဒူဘာသာဝင် ရုပ်အလောင်းများ မြှုပ်ထားသည့်နေရာအား ဖုန်းဖြင့်ပြောခဲ့သည့် အမျိုးသမီးရှစ်ဦး ဘင်္ဂလားဒေ့ရ်ှဒုက္ခသည်စခန်းမှ မြန်မာနိုင်ငံသို့ ပြန်ရောက်လာ
Published 5 October 2017

ဓာတ်ပုံ - Information Committee

ဟိန္ဒူဘာသာဝင်များ၏ အလောင်းများကို မြှုပ်နှံထားသည့် နေရာအား ဖုန်းဖြင့်ပြောကြားခဲ့သည့် ဟိန္ဒူဘာသာဝင် အမျိုးသမီးရှစ်ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းမှ ပြန်လည်ရောက်ရှိ လာခဲ့ကြောင်း တပ်မတော်က အောက်တိုဘာ ၄ ရက်တွင် သတင်းထုတ်ပြန်သည်။

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုခံရပြီး တစ်ဖက်နိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများအနက် မောင်တောမြို့နယ်၊ ရဲဘော်ကျ (ရဲဘော်ကျ) ကျေးရွာမှ ဟိန္ဒူဘာသာဝင် အမျိုးသမီးရှစ်ဦးနှင့် ကလေးရှစ်ဦး စုစုပေါင်း ၁၆ ဦးတို့သည် လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ပြန်လည် ရောက်ရှိလာသူများမှာ မရီခါး (၂၅နှစ်)၊ မအော်နီကာ(၂၀နှစ်)၊ မဖော်မီလာ (၁၈နှစ်)၊ မဂေါင်ဂါ (၂၀နှစ်)၊ မဂူရဘူနီ (ခေါ်)ရှူရှီလာ (၁၉နှစ်)၊ မဘီနာဖာလာ (၂၂နှစ်)၊ မပူရ်ဂျာ (ခေါ်)ရုစ်စနာ (၁၈ နှစ်)၊ မရာချ်ကူမာရီ (၁၅နှစ်)တို့ဖြစ်ပြီး သြဂုတ် ၂၅ ရက်တွင် ရဲဘောက်ကျ ကျေးရွာမှ ဟိန္ဒူဘာသာဝင်များအား ဘင်္ဂါလီ အကြမ်းဖက်သမားများက အဓမ္မ ဖမ်းဆီးခေါ်ဆောင်၍ ၎င်းတို့၏ မျက်စိရှေ့တွင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူများ ဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်သည်။

၎င်းတို့၏ ပြောကြားချက်များအရ သြဂုတ် ၂၅ ရက် နံနက် ၈ နာရီတွင် ဝတ်စုံအမည်း ဝတ်ဆင်ထားသည့် နိုင်ငံခြားသား အကြမ်းဖက်ခေါင်းဆောင် အပါအဝင် ခမောင်းဆိပ်ကျေးရွာမှ ဘင်္ဂါလီအကြမ်းဖက် ခေါင်းဆောင် နိုရူလောက် ဦးဆောင်သော ခမောင်းဆိပ်ကျေးရွာမှ ဘင်္ဂါလီရွာသား ၅၀၀ ခန့်သည် ရဲဘောက်ကျကျေးရွာသို့ ရောက်ရှိလာကြောင်း၊ ယင်းရွာသားများတွင် ရော်ဖီး၊ ဟာမိ၊ ဟယ်ရာ၊ လာကိုရာ၊ မာမက်ဒူလောက်၊ ဖာရီကာနှင့် ဖေရယ်နာဆိုသူတို့ ပါဝင်သည် ကို မှတ်မိကြောင်း၊ လက်နက်ငယ်များ၊ လက် လုပ်ဗုံးများနှင့် တုတ်၊ ဓား လက်နက်များကိုင် ဆောင်ထားသည့် လူအုပ်စုကြီးသည် ယခု ပြန်လည်ရောက်ရှိလာသည့် မအော်နီကာ၏ နေအိမ်ဘက်ခြမ်းမှ စတင် ဝင်ရောက်လာပြီး ရွာအတွင်းရှိ ဟိန္ဒူဘာသာ ဝင်နေအိမ်များသို့ တစ်ပြိုင်တည်း ဝင်ရောက်၍ ရွှေ၊ ငွေ အဖိုးတန်ပစ္စည်းများနှင့် တယ်လီဖုန်းများကို လုယူခဲ့ကြောင်း၊ ယင်းနောက် ကျေးရွာအတွင်းရှိ ယောကျ်ားများ၏ မျက်နှာအား အဝတ်နှင့် စည်းနှောင်ခြင်း၊ လက်နောက်ပြန်ကြိုးတုပ်ခြင်း များပြုလုပ်၍ ရွာအတွင်း၌ မိန်းမ၊ ယောကျ်ားခွဲ၍ တစ်နေရာစီစု၍ တန်းစီခိုင်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် နံနက် ၁၀ နာရီတွင် ရွာသူ ရွာသားများအား ယောကျ်ား၊ မိန်းမ သီးခြားစီခွဲ၍ ဘော်တလာ ကျေးရွာဘက်သို့ ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်ခဲ့ပြီး လိုက်ပါရန် ငြင်းဆန်ရုန်းကန်သူများအား တုတ်များဖြင့် ဝိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း၊ ဘော်တလာကျေးရွာ အနီးသို့ ရောက်ရှိချိန်တွင် ၎င်းနေရာ၌ ယခင် မြေကျင်းနှစ်ကျင်း တူးထားသည်ကို တွေ့ရှိရကြောင်း၊ ရွာသားများ ရောက်ရှိပြီးနောက် နောက်ထပ်ကျင်း တစ်ကျင်း ထပ်မံ တူးခဲ့ကြောင်း၊ ထို့နောက် အကြမ်းဖက်သမားများက ယောကျ်ားများအား ဦးစွာသတ်ခြင်း၊ ဓားများဖြင့် ခုတ်ခြင်းများ ပြုလုပ်ပြီး ကျင်းများအတွင်း ထည့်သွင်းခဲ့ကြောင်း၊ ယင်းနောက်ကျန်ရှိသည့် မိန်းမများနှင့် ကလေးများအား ထပ်မံသတ်ဖြတ်ပြီး ကျင်းများအတွင်း မြှုပ်နှံခဲ့ကြောင်း၊ မိန်းကလေးများအထဲမှ အသက် ၁၅ နှစ်နှင့် ၂၅ နှစ်အကြားရှိ ရုပ်ရည်ချောမော လှပသည့် မိန်းမငယ်ရှစ်ဦးကို မသတ်ဘဲထားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် ဟိန္ဒူမိန်းမငယ်များနှင့် ကလေးများအား ဘင်္ဂါလီလူမျိုး ငါးဦးကို အစောင့်အဖြစ်ထား၍ ကျန်လူအုပ်ကြီးသည် ရဲစခန်းများကို သွားရောက်တိုက်ခိုက် မီးရှို့မည်ဆိုပြီး ထွက်ခွာသွားကြောင်း၊ ကျန်ရစ်သည့် ဘင်္ဂါလီအစောင့် ငါးဦးမှာ ဘော်တလာရွာသား ရော်ဖီး၊ ဖယ်ရာနာနှင့် ရဲဘောက်ကျရွာသား ရူလီယာ၊ မာမွတ်အာလောင်နှင့် ဇူဘိုင်တို့ ဖြစ်သည်ကို မှတ်မိကြောင်း သိရသည်။

ည ၁၂ နာရီတွင် အကြမ်းဖက်ဘင်္ဂါလီများ ပြန်လည်ရောက်ရှိလာပြီး ဘော်တလာရွာမှ ရော်ဖီဆိုသူ၏ နေအိမ်သို့ ဟိန္ဒူအမျိုးသမီးငယ် ရှစ်ဦးနှင့် ကလေးငယ်များအား ဆက်လက်ခေါ်ဆောင် သွားခဲ့ကြောင်း၊ သြဂုတ် ၂၆ ရက်အထိ ယင်းအိမ်တွင်ပင် အစောင့်ငါးဦးနှင့် ထားရှိကြောင်း၊ ထိုသို့ ဖမ်းဆီးထားချိန်တွင် ၎င်းအိမ်၌ မွတ်စလင် ဘင်္ဂါလီများစွာရှိနေပြီး မွတ်စလင် အမျိုးသမီးများ၏ ပြုမူပြောဆို နေထိုင်ပုံများကိုလည်း သင်ကြားကြောင်း၊ သြဂုတ် ၂၇ ရက် ညနေ ၃ နာရီတွင် ရော်ဖီဦးဆောင်သည့် အစောင့်ငါးဦးတို့က ဟိန္ဒူအမျိုးသမီး ရှစ်ဦးနှင့် ကလေးငယ်များအား ခေါ်ဆောင်၍ ရွာမှထွက်ခွာခဲ့ကြောင်း၊ ညနေ ၅ နာရီခန့်တွင် နယ်စပ်ခြံစည်းရိုးသို့ ရောက်ရှိပြီး ဘင်္ဂါလီများက ခြံစည်းရိုး သံဆူးကြိုးများအား ဖြတ်တောက်ခဲ့ကြောင်း၊ ၎င်းအချိန်တွင် BGB တပ်အချို့ ရောက်ရှိလာ၍ မြန်မာနယ်စပ်အတွင်းရှိ တောင်ကုန်း တစ်ကုန်းတွင် ပုန်းခိုညအိပ်ခဲ့ကြောင်း၊ သြဂုတ် ၂၈ ရက် နံနက် ၆ နာရီတွင် နယ်စပ်ခြံစည်းရိုးအား ဖြတ်ကျော်ဝင်ရောက်၍ ကူတူပါလောင် ဒုက္ခသည်စခန်းသို့ ကားဖြင့်ခေါ်ဆောင်ခဲ့ရာ နေ့လည် ၁၁ နာရီတွင် ဒုက္ခသည်စခန်းသို့ ရောက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဒုက္ခသည်စခန်းတွင် ဘင်္ဂါလီများနှင့်အတူ ထားရှိပြီး အစ္စလာမ် အမျိုးသမီးဝတ်စုံ ဘူခါခြုံခိုင်းကြောင်း၊ ယင်းနောက် မွန်းလွဲ ၁ နာရီတွင် နိုင်ငံခြားသား မီဒီယာများ (အင်္ဂလိပ်စကား ပြောသူများ) က အင်တာဗျူး ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ၎င်းတို့သင်ကြားပေးသည့်အတိုင်း မိမိတို့၏ ယောကျ်ားများနှင့် မိသားစုဝင်များအား စစ်တပ်နှင့် တိုင်းရင်းသားများက သတ်ဖြတ်ခဲ့ကြောင်း၊ မိမိတို့အား စစ်တပ်က သတ်မည်စိုး၍ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်ဟု လိမ်လည်ပြောဆိုခဲ့ရကြောင်း၊ ၎င်းတို့ခိုင်းသည့်အတိုင်း မပြောပါက ကလေးငယ်များအား သတ်ပစ်မည်ဟု ခြိမ်းခြောက်ကြောင်း ဟိန္ဒူအမျိုးသမီးများက ပြောကြားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းနောက် ဟိန္ဒူအမျိုးသမီး ရှစ်ဦးထဲ မှ ၁၅ နှစ်အရွယ်ရှိ မရာချ်ကူမာရီအား ဘင်္ဂါလီတစ်ဦးနှင့် လက်ထပ်ပေးရန် စီစဉ်နေစဉ် ၎င်းသတင်းကို ကူတူပါလောင် ဒုက္ခသည်စခန်းတွင် အလုပ်လုပ်ကိုင်နေသည့် ဟိန္ဒူဘာသာဝင် ဘာဘူဆိုသူက သိရှိသွားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဟိန္ဒူဘာသာရေးခေါင်းဆောင် ရှော်ဖော်နံရှော်ရ်မာရော်နီထံ သတင်းပို့ခဲ့ကြောင်း၊ အဆိုပါ ဘာသာရေးခေါင်းဆောင်မှ BGB တပ်ဖွဲ့ဝင် ဟိန္ဒူဘာသာဝင် တစ်ဦးနှင့် ဆက်သွယ်၍ ကူတူပါလောင် ဒုက္ခသည်စခန်းကို သွားရောက်ရှာဖွေခဲ့ရာမှ ဟိန္ဒူဘာသာဝင် အမျိုးသမီးငယ် ရှစ်ဦးနှင့် ကလေးငယ်များကို တွေ့ရှိခဲ့ကြောင်း၊ ဒုက္ခသည်စခန်းတွင် ရောနှောနေထိုင်သည့် ဘင်္ဂါလီ အကြမ်းဖက်သမားများမှာ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြောင်း သိရသည်။

ထို့နောက် ဟိန္ဒူဘာသာဝင် မိန်းမငယ်များနှင့် ကလေးများအား ကူတူပါလောင် ဒုက္ခသည်စခန်းမှ BGB စခန်းသို့ ခေါ်ဆောင်ခဲ့ကြောင်း၊ နောက်တစ်နေ့တွင် ဟိန္ဒူဘုန်းတော်ကြီး တစ်ပါးက ယင်းဟိန္ဒူအမျိုးသမီးငယ်များနှင့် ကလေးငယ်များကို လာရောက်ခေါ်ဆောင်ပြီး ၎င်း၏နေအိမ်၌ ပြောင်းရွှေ့ပေးကြောင်း၊ သြဂုတ် ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူများက စားဝတ်နေရေး ထောက်ပံ့ပေးမည် ပြောဆို၍ ကူတူပါလောင် ဒုက္ခသည်စခန်းသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ဒုက္ခသည်စခန်း အတွင်းရှိ ကြက်ခြံတွင် ဟိန္ဒူဘာသာဝင် အမျိုးသမီးငယ် ရှစ်ဦးနှင့် ကလေးများအား ထိန်းသိမ်းထားရှိကာ အစောင့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဟိန္ဒူဘာသာဝင် တစ်ဦးကို တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၉ ရက်၌ ယင်းဟိန္ဒူ အမျိုးသမီးငယ် ရှစ်ဦးအနက် တစ်ဦးမှ မောင်တောမြို့နေ ၎င်း၏ မတ်တော်စပ်သူနှင့် ဖုန်းအဆက်အသွယ်ရရှိပြီး ယောကျ်ားဖြစ်သူ အပါအဝင် ဟိန္ဒူဘာသာဝင်များ အသတ်ခံရသည့် နေရာကို ပြောကြားခဲ့ကြောင်း၊ စက်တင်ဘာ ၂၆ ရက်တွင် စစ်တွေမြို့နေ ဟိန္ဒူ ဘာသာရေးခေါင်းဆောင် ဦးနီမော်လ်နှင့် ဖုန်းအဆက်အသွယ်ရရှိပြီး မြန်မာနိုင်ငံ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်မည် ဖြစ်ကြောင်း၊ ဟိန္ဒူဘုရားပွဲကို အကြောင်းပြ၍ ဒုက္ခသည်စခန်းမှ ထွက်ခွာလာရန် မိမိတို့အချင်းချင်း ညှိနှိုင်းတိုင်ပင်ခဲ့ပြီး ထွက်ခွာခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ပြန်လည် ရောက်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မောင်တောမြို့သို့ ရောက်ရှိနေသည့် ဟိန္ဒူဘာသာရေးခေါင်းဆောင် တစ်ဦးအား ဆက်သွယ်မေးမြန်းရာ ဖြစ်စဉ်မှာ မှန်ကန်ကြောင်း၊ လက်ရှိတွင် ဟိန္ဒူဘာသာဝင် အမျိုးသမီးငယ်များမှာ  လုံခြုံစွာရှိနေကြောင်း၊ ၎င်းတို့မှာ နှစ်သုတ်ခွဲ၍ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent