ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများအား သွားလာခွင့် ကန့်သတ်မှုများနှင့်ပတ်သက်၍ UNOCHA ထုတ်ပြန်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများအား သွားလာခွင့် ကန့်သတ်မှုများနှင့်ပတ်သက်၍ UNOCHA ထုတ်ပြန်
Published 5 October 2017

 

ရှမ်းပြည်နယ် နမ္မတူမြို့နယ် စစ်ဘေးရှောင်စခန်းရှိ စစ်ဘေးဒုက္ခသည်ကလေးငယ်များကို တွေ့ရစဉ် (Photo - UNOCHA)

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း  လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သွားလာခွင့်တိုးတက်ကောင်းမွန်လာခြင်း မရှိပါက အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ထိခိုက်လွယ်သည့် အခြေအနေရှိသူများမှာ ၎င်းတို့ လိုအပ်လျက်ရှိသော အကူအညီများ နှင့် ကာကွယ်စောင့်ရှောက်မှုများကို ရရှိမည် မဟုတ်ကြောင်း ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က အောက်တိုဘာ ၃ ရက်က ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ချက်တွင် အစိုးရမှ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းများအား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်သူစခန်းများနှင့် အခြားထိခိုက်လွယ်သော အခြေအနေရှိ ရပ်ရွာလူထုများအား အကူအညီ ပေးနိုင်ရန် သွားလာခွင့်အား ယခင်ကဲ့သို့ ခွင့်ပြုပေးခြင်း မရှိတော့ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အခြားနိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများမှာ အစိုးရထိန်းချုပ်မှုအောက် ဒေသများ၊ အစိုးရ ထိန်းချုပ်မှုပြင်ပရှိ ဒေသနှစ်ခုလုံးတွင်ရှိနေသော နေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ပဋိပက္ခကြောင့် ထိခိုက်ခံစားရသည့် အခြားသူများကို အကူအညီများပေးနိုင်ရန်အတွက် ထိုဒေသများသို့ သွားလာခွင့် ၂၀၁၆ ခုနှစ် မေလအထိ ရရှိခဲ့သော်လည်း ယခုအချိန်တွင် ထိုကဲ့သို့ သွားလာခွင့် မရရှိတော့ကြောင်း ထုတ် ပြန်ထားသည်။

အစိုးရထိန်းချုပ်မှုပြင်ပရှိ ဒေသများတွင် နေရပ်စွန့်ခွာ တိမ်းရှောင်သူဦးရေ ၄၀,၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ၎င်းတို့အား အကူအညီများ ပေးပို့ရန် အစိုးရက ကုလသမဂ္ဂအား ခွင့်ပြုပေးခြင်း မရှိသည်မှာ ၁၅ လကျော် ကြာ မြင့်ခဲ့ပြီဖြစ်ကြောင်း၊ ထိုအတောအတွင်း ပြည်တွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများသည် ၎င်းတို့၏ ကွန်ရက်အဆက်အသွယ်များမှ တစ်ဆင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ဆက်လက်ပေးအပ်လျက်ရှိပြီး ကုလသမဂ္ဂအနေဖြင့် ထိုဒေသရှိ နေရပ်စွန့် ခွာတိမ်းရှောင်သူများနှင့် ထိခိုက်လွယ်သည့် အခြေအနေရှိ အခြားသူများ၏အခြေအနေကို အနီးကပ်စောင့်ကြည့်လျက်ရှိကြောင်း ရေးသားဖော်ပြထားသည်။

ဆက်လက်ပြီး အစိုးရထိန်းချုပ်မှုအောက်ရှိ ဒေသများတွင်လည်း အစိုးရအနေဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏လုပ်ငန်းဆောင်ရွက်မှုများ၊ သွားလာလှုပ်ရှားမှု များနှင့်စပ်လျဉ်း၍ တင်းကျပ်သော ကန့်သတ် မှုအသစ်များကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဖွဲ့အစည်းများမှ နိုင်ငံတကာ ဝန်ထမ်းများမှာ မြို့များအပြင်ဘက်ရှိ နေရပ်စွန့်ခွာ တိမ်းရှောင်စခန်းများသို့ သွားလာခွင့်အား ဆက်လက်ခွင့်ပြုပေးခြင်းမရှိတော့ဘဲ ခရီးသွားလာခွင့်ခွင့်ပြုချက် တောင်းခံရာတွင်လည်း အချိန်များစွာကြာမြင့်သည့် လုပ်ငန်းဆောင်ရွက်မှုများရှိနေကြောင်း၊ ပြည်တွင်း အဖွဲ့အစည်းများမှ နေရာဒေသအများစုကို ဆက်လက်သွားလာနိုင်သော်လည်း၊ ထိုအဖွဲ့အစည်းများပင်လျှင် အဆိုပါဒေသများ၌ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများ ပိုမိုကြုံတွေ့လာကြရကြောင်းနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး သွားလာခွင့် တိုးတက်ကောင်းမွန်လာခြင်း မရှိပါက အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ထိခိုက်လွယ်သည့် အခြေအနေရှိသူများမှာ ၎င်းတို့ လိုအပ်လျက်ရှိသော အကူအညီများ နှင့် ကာကွယ်စောင့်ရှောက်မှုများ ရရှိမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။