ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို အပြည့်အ၀ ထောက်ခံကြိုဆိုကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ထုတ်ပြန်

ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို အပြည့်အ၀ ထောက်ခံကြိုဆိုကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ထုတ်ပြန်
Published 29 September 2017

ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ လုပ်ရပ်များကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပြီး နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို အပြည့်အ၀ ထောက်ခံကြိုဆိုကြောင်း ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ ထုတ်ပြန်ထားကြောင်း သိရသည်။

ထုတ်ပြန်ချက်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မှုများကို ဟန့်တားဆောင်ရွက်နေမှု အခြေအနေနှင့် တည်ငြိမ်အေးချမ်းမှုနှင့် သဟဇာတဖြစ်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက် တွင် သံတမန်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထိုသို့ ရှင်းလင်း ပြောကြားရာတွင် အကြမ်းဖက်မှုများကြောင့် ထိခိုက် နစ်နာရသူများ အားလုံးအတွက် အထူး စိတ်မကောင်း ဖြစ်ရကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဥပဒေနှင့် ဆန့်ကျင်သော အကြမ်းဖက်မှုများ အားလုံးကို ရှုတ်ချကြောင်း၊ တည်ဆဲဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘာသာရေး၊ လူမျိုးရေးနှင့် နိုင်ငံရေး ယုံကြည်မှုများကြောင့် အကွဲကွဲအပြားပြား ဖြစ်နေသည့်နိုင်ငံ မဖြစ်စေလိုကြောင်း၊ မတူကွဲပြားမှုများကို အခြေပြု၍ စုစည်းညီညွတ်စွာဖြင့် အခွင့်အရေးများကို အတူတကွ ခံစားခွင့်၊ ဘဝကို မိမိတို့ ယုံကြည်မှုနှင့်အတူ လျှောက်လှမ်းခွင့်ရှိသော နိုင်ငံအဖြစ် ပြည်သူများအားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) သည် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သူများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ပြည်သူများ၏ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူဝမ်းနည်းရပြီး နေရပ် စွန့်ခွာနေကြရသူများ အားလုံးအတွက်လည်း စိတ်မကောင်း ဖြစ်ရကြောင်း၊ အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သော ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့ကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပါသည်။ ထိုသို့ အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာစေသည့် အကြမ်းဖက်လုပ်ရပ်ကို ဘာသာတရားအသီးသီးက ခွင့်ပြုထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ၎င်းတို့လုပ်ရပ်သည် ဘာသာရေးနှင့် ပတ်သက်ခြင်းမရှိဟု အလေးအနက်ခံယူကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (မြန်မာနိုင်ငံ) အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းနှင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်လျက်ရှိသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အပြည့်အ၀ ထောက်ခံကြိုဆို၍ ကျရာကဏ္ဍမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သဘောထားထုတ်ပြန် ကြေညာထားသည်။