ရန်ကုန်မြို့တွင်း အနော်ရထာနှင့် မဟာဗန္ဓုလလမ်းကဲ့သို့သော အဓိကလမ်းမကြီးများတွင် ကားပါကင်သတ်မှတ်ရေးဆွဲရန် စီစဉ်နေဟုသိရ

ရန်ကုန်မြို့တွင်း အနော်ရထာနှင့် မဟာဗန္ဓုလလမ်းကဲ့သို့သော အဓိကလမ်းမကြီးများတွင် ကားပါကင်သတ်မှတ်ရေးဆွဲရန် စီစဉ်နေဟုသိရ
Published 25 September 2017

ကားပါကင် ရေးဆွဲသတ်မှတ်ခြင်းပြုလုပ်မည့် အနော်ရထာလမ်းမကြီးအား တွေ့ရစဉ် (ဓာတ်ပုံ - ကြည်နိုင်)

ရန်ကုန်မြို့တွင်း အနော်ရထာနှင့် မဟာဗန္ဓုလကဲ့သို့သော အဓိကလမ်းမကြီးများတွင် ကားပါကင် သတ်မှတ်ရေးဆွဲရန် စီစဉ်နေကြောင်း ကျောက်တံတားမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာ၏ ပြောကြားချက်အရ သိရသည်။

“အခုအချိန်အထိ သူတို့အလုပ်က မတွေ့ရသေးဘူး။ လွန်ခဲ့တဲ့ သုံးရက်လောက်ကမှ အစ်မတို့မြို့နယ်က လမ်းတံတားတာဝန်ခံက သူ့ပို့စ်မှာ တင်ထားလို့ အဲဒါကိုလုပ်ဖို့ တိုင်ပင်ထားသေးတယ်လို့ ပြောလိုက်သေးတယ်။ အဓိက လမ်းမကြီးတွေမှာ ရေးဆွဲဖို့အတွက် လုပ်နေတယ်။ အနော်ရထာတို့၊ ဗန္ဓုလတို့မှာ။ လမ်းသွယ်တွေ ပါပြီလားဆိုတော့ မပါသေးဘူး။ အဓိကလမ်းမကြီးတွေမှာ ဘယ်လိုစနစ်နဲ့ သွားမှာလဲဆိုတာ အဲဒါတော့ မသိသေးဘူး” ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

“လုပ်တော့ လုပ်ဖို့ရှိတယ်။ ဒါပေမဲ့ အကုန်တစ်ပြိုင်တည်း လုပ်ဖြစ်၊ မဖြစ်သေချာ မသိသေးဘူး။ ဌာနကတာဝန်ယူပြီးတော့ ဆွဲနေတဲ့ လမ်းမကြီးတွေပေါ်မှာ ဘယ်လိုပုံစံမျိုးနဲ့ သွားဖို့ဆိုတာကတော့ မသိသေးဘူး” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

ပြီးခဲ့သည့် ခြောက်လခန့်ကလည်း ကျောက်တံတားမြို့နယ်၊ မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးတို့အား အလွတ်သဘော မေးမြန်းခဲ့ကြောင်း၊ စည်ပင်ကနေချထားပေးခြင်း မဟုတ်ဘဲ လသာမြို့နယ်ဘက်တွင် ကားပါကင်ကြေး ကောက်ယူမှုများ ရှိကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်နေမှုများသည် မည်သူမည်ဝါ လုပ်ဆောင်သည်ကို မသိရှိရကြောင်း ၎င်းက ပြောကြားသည်။ ယင်းကဲ့သို့ ကာပါကင်ကြေး ကောက်ယူဆောင်ရွက်နေခြင်းသည် စည်ပင်က တရာဝင်ကန်ထရိုက် ပေးထားခြင်းလည်း မဟုတ်ကြောင်း သိရသည်။

“လမ်းမကြီးတွေကတော့ ဌာနက တိုက်ရိုက်လုပ်မယ်ဆိုတာ သိထားတဲ့အတွက်ကြောင့် လမ်းသွယ်တွေ။ ပန်းဆိုးတန်းက ပြဿနာ သိပ်မရှိဘူး။ ဆိပ်ကမ်းသာလို လမ်းမျိုးကျတော့ ပြဿနာရှိတယ်။ ကားနေရာ ကျယ်တယ်။ ကားပါကင်စနစ်တ ကျမသတ်မှတ်ထားတော့ ကားတွေက နှစ်စီးစာနေရာကို တမင်တကာ ကန့်လန့်ကြီး ရပ်ထားတာတို့၊ နေ့ခင်း ၁၂ နာရီ လောက်ကတည်းက ခုံတွေဦးထားတာတို့။ အဲဒါမျိုးတွေက ဖြတ်သွားတာနဲ့ တွေ့နေရတယ်။ တီဗွီတို့ဘာတို့ အရောင်းပြခန်းကြီးတွေက ပြဿနာရှိတယ်။ ဒါကပန်းဆိုးတန်းမှာလည်း ရှိပါတယ်။ ကားကြီးတွေ ပိတ်ရပ်ပြီးတော့ ပစ္စည်းတွေအပြည့်ပဲ အမြဲတမ်းအတင်အချ လုပ်နေတာမျိုးတို့ တခြားလူတွေ သုံးလို့မရဘူး” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။

ကျောက်တံတားမြို့နယ် ရပ်ကွက်အချို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တိုင်ပင်ပြီးလမ်းများတွင် ကားပါကင်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေးနေမှုများလည်း ရှိကြောင်း သိရသည်။