ကျွန်းစုမြို့နယ်တွင် ပုလဲမွေးမြူရေး ကုမ္ပဏီနှစ်ခုက ပုလဲအလုံးရေ ၃၆ သိန်း ထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီနှစ်ခုမှလည်း ပုလဲထုတ်လုပ်နိုင်ရန် ဝတ်ဆံသွင်းထားကြောင်း သိရ

ကျွန်းစုမြို့နယ်တွင် ပုလဲမွေးမြူရေး ကုမ္ပဏီနှစ်ခုက ပုလဲအလုံးရေ ၃၆ သိန်း ထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီနှစ်ခုမှလည်း ပုလဲထုတ်လုပ်နိုင်ရန် ဝတ်ဆံသွင်းထားကြောင်း သိရ
Published 24 September 2017

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု အတွင်းရှိ နိုင်ငံတော်ပိုင် ပုလဲမွေးမြူရေးလုပ်ငန်း တစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး)

တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ်တွင် ပုလဲမွေးမြူရေး ကုမ္ပဏီနှစ်ခုက ပုလဲအလုံးရေ ၃၆ သိန်း ထုတ်လုပ်ခဲ့ပြီး ကုမ္ပဏီနှစ်ခုမှလည်း ပုလဲထုတ်လုပ်နိုင်ရန် ဝတ်ဆံသွင်း ဆောင်ရွက်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်း ဒေသကြီးအတွင်း ပုလဲမွေးမြူရေးကုမ္ပဏီ ၁၂ ခု ရှိသည့်အနက် ကျွန်းစုမြို့နယ်တွင် ကုမ္ပဏီလေးခုက လုပ်ငန်းများ ဆောင်ရွက်နေကြောင်း၊ လက်ရှိအနေအထားအရ ကုမ္ပဏီလေးခုတွင် နှစ်ခုကသာ ပုလဲထုတ်လုပ်နိုင်ပြီး နှစ်ခုမှာ ဝတ်ဆံသွင်းထားသည့် အဆင့်၌သာ ရှိသေးကြောင်း သိရသည်။

ပုလဲထုတ်လုပ်နိုင်သည့် ကုမ္ပဏီနှစ်ခုမှာ ပြည်ပဖက်စပ် ကုမ္ပဏီနှစ်ခုဖြစ်ပြီး ပြည်တွင်းကုမ္ပဏီနှစ်ခုမှာ ပုလဲထုတ်လုပ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကျွန်းစုမြို့နယ်အတွင်း ပုလဲမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် ရေပြင်ဧရိယာ၊ လုပ်ငန်းတည်နေရာ၊ လုပ်ထုံးလုပ်နည်း ဥပဒေများနှင့် ညီညွတ်မှု ရှိ၊ မရှိ စစ်ဆေးဆောင်ရွက်ပေးရန် တနင်္သာရီတိုင်း ဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ကျွန်းစုမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းရာ အဆိုပါမေးခွန်းအား တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြန်လည်ဖြေကြားရာတွင် ပုလဲကုမ္ပဏီများ အနေဖြင့် ရေပြင်ဧရိယာနှင့် လုပ်ငန်းတည်နေရာများမှာ ခွင့်ပြုမိန့် အဆင့်ဆင့်ရရှိပြီး လုပ်ထုံးလုပ်နည်း ဥပဒေများနှင့်အညီ သတ်မှတ်ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ကျွန်းစုမြို့နယ်တွင် မြန်မာတာ ဆာကီကုမ္ပဏီ (ဂျပန်ဖက်စပ်)၊ မြန်မာအတ္တလန်တစ်( သြစတြေးလျဖက်စပ်) တို့က ပုလဲထုတ်လုပ်နေပြီး မြန်မာကုမ္ပဏီများဖြစ်သော အဏ္ဏဝါပုလဲနှင့် ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီများမှာ ပုလဲထုတ်လုပ်နိုင်ခြင်း မရှိသေးဘဲ ဝတ်ဆံသွင်း ဆောင်ရွက်နေသည့် အနေအထား ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်မောင်က ပြောကြားသည်။

မြန်မာတာဆာကီကုမ္ပဏီ အနေဖြင့် ကျွန်းစုမြို့နယ်၊ ဒိုမယ်ကျွန်း၌ အခြေစိုက်ပြီး ဒေါ်လာ ၈ ဒသမ ၄၂ သန်း ရင်းနှီးမြုပ်နှံထားကာ ထုတ်လုပ်မှု စတင်ချိန်မှ ၂၀၁၇ ခုနှစ် အထိ ၁၇ ကြိမ် ပုလဲဖော်ယူခဲ့ပြီး ပုလဲအလုံးရေ ၂၈၄၄၈၅၄ လုံး အလေးချိန် ၂၁၅၀၁၄၈ ဒသမ ၆၃ မိုမီရှိကြောင်း၊ မြန်မာအတ္တလန်တစ် ကုမ္ပဏီအနေဖြင့် ကျွန်းစုမြို့နယ် ဒုံးပုလဲအော်ကျွန်း၊ သရောသဏ္ဍာန်ကြီးကျွန်း အနီးတွင် အခြေစိုက်ကာ ဒေါ်လာ ၂၂ ဒသမ ၉၈၅ သန်း ရင်းနှီးမြှုပ်နှံထားပြီး ထုတ်လုပ်မှု စတင်ချိန်မှ ၂၀၁၇ ခုနှစ်အထိ ၂၈ ကြိမ် ပုလဲဖော်ခဲ့ကာ ပုလဲအလုံးရေ  ၈၃၃၉၈၇ လုံး အလေးချိန် ၃၉၈၈၃၈ ဒသမ ၉၅ မိုမီ ရရှိခဲ့ကြောင်း ဝန်ကြီးဦးမြင့်မောင်၏ ဖြေကြားချက်အရ သိရသည်။

မြန်မာကုမ္ပဏီများဖြစ်သော အဏ္ဏဝါပုလဲကုမ္ပဏီမှာ ကျွန်းစုမြို့နယ် နတ်သမီးရေတွင်းကျွန်း၊ ပြည်ဖြိုးထွန်း အင်တာနေရှင်နယ် ကုမ္ပဏီမှာ ကျွန်းစုမြို့နယ်၊ ပြင်စဘုကျွန်းနှင့်  ဆက်စပ်ဧရိယာများတွင် အခြေစိုက်ထားကာ ကျပ်သန်း ၂၀၀၀ စီ ရင်းနှီးမြှုပ်နှံထားပြီး ပုလဲထုတ်လုပ်နိုင်ရန် ဝတ်ဆံသွင်းထားကြောင်း သိရသည်။

ကမ္ဘာပေါ်၌ တောင်ပင်လယ် ပုလဲထုတ်လုပ်နိုင်သော Pinctada Maxima မုတ်ကောင်များ ရှင်သန်ပေါက်ဖွားနိုင်သည့် နိုင်ငံမှာ လေးနိုင်ငံသာရှိပြီး မြန်မာနိုင်ငံမှာ တစ်ခုအပါအဝင် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌လည်း တောင်ပင်လယ်ပုလဲ အဓိကထုတ်လုပ်နိုင်သည့် နေရာမှာ တနင်္သာရီတိုင်း ဒေသကြီး တစ်ခုတည်းသာရှိရာ အစိုးရအနေဖြင့် မြန်မာကုမ္ပဏီများအတွက် ဖြေလျှော့မှုများ ဆောင်ရွက်လာကြောင်း သိရသည်။

နိုင်ငံတော်အနေဖြင့် ပုလဲထုတ်လုပ်သည့် ကုမ္ပဏီများအပေါ် ပုလဲအလုံးရေ ထွက်ရှိမှုကို မူတည်ပြီး ၂၅ ရာခိုင်နှုန်း ကောက်ခံကာ မုတ်ကောင်တစ်ကောင်အား တစ်ကြိမ်ဝတ်ဆံသွင်းတိုင်း ကျပ် ၂၀၀၀ နှုန်း အခွန်ကောက်ခံကြောင်း သိရသည်။