ဘင်္ဂါလီအရေး အဆုံးသတ်နိုင်ရေး ကူညီရန်အတွက် နည်းလမ်းများ ရှာဖွေရန် အမျိုးသားလုံခြုံရေး အကြံပေးများအား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြောကြား

ဘင်္ဂါလီအရေး အဆုံးသတ်နိုင်ရေး ကူညီရန်အတွက် နည်းလမ်းများ ရှာဖွေရန် အမျိုးသားလုံခြုံရေး အကြံပေးများအား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ပြောကြား
Published 23 September 2017

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များ (မူရင်းသတင်းတွင် ရိုဟင်ဂျာမွတ်စလင်များဟု သုံးနှုန်းထား) ထောင်ချီ ထွက်ပြေးလာစေသည့် အကြမ်းဖက်မှု အဆုံးသတ်နိုင်ရေး ကူညီရန်အတွက် နည်းလမ်းများရှာဖွေရန် အမျိုးသားလုံခြုံရေး အကြံပေးများအား အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့သည်ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ပြောကြားခဲ့ကြောင်း ဘလွန်းဘတ်သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

“သမ္မတကြီးက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရမ်းကို စိုးရိမ်နေပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က သတင်းထောက်များအား နယူးယောက်မြို့တွင် စက်တင်ဘာ ၂၁ ရက်က ပြောကြားသည်။

နိုင်ငံခြားရေးဝန်ကြီး ရက်တေလာဆင်က မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတကြီး၏ စိုးရိမ်မှုနှင့်ပတ်သက်၍ ပြောကြားရန် ဖုန်းဖြင့်ဆက်သွယ် ပြောကြားခဲ့ကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ပြောကြားသည်။ ထို့ပြင် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ သဘာပတိ ဗိုလ်ချုပ်ကြီး Nikki Haley ကလည်း မြန်မာနိုင်ငံ တပ်မတော်ခေါင်းဆောင်ကို ဖုန်းဖြင့်ဆက်သွယ် ပြောကြားခဲ့သည်ဟု ၎င်းက ပြောကြားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မြန်မာနိုင်ငံရှိ ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) ပြဿနာ အဆုံးသတ်ရန်အတွက် ခိုင်ခိုင်မာမာနှင့် အမြန်ဆုံး အရေးယူ ဆောင်ရွက်ကြရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအား တိုက်တွန်းခဲ့ကြောင်း အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်က စက်တင်ဘာ ၂၀ ရက်တွင် ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ပြည်ထောင်စု၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပတ်ထရစ်မာဖီတို့ စက်တင်ဘာ ၁၉ ရက်က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပတ်ထရစ်မာဖီအား မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီအသွင် ကူးပြောင်းရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တင်ပြချက်အရ အာစာဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာစာ ဘင်္ဂါလီအစွန်းရောက် အကြမ်းဖက်အဖွဲ့များ ထိတွေ့တိုက်ခိုက်မှုပေါင်း အကြိမ် ၉၀ ကျော် ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦး၊ နိုင်ငံ့ဝန်ထမ်းနှစ်ဦး ကျဆုံးခဲ့ရသည်။