အနည်းဆုံး အခကြေးငွေပေးရန် ပျက်ကွက်မှု၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုရန် ပျက်ကွက်ခဲ့သည့် အလုပ်ရှင်အား အရေးယူပေးရေး ပြည်မြို့တွင် ဆန္ဒထုတ်ဖော်

အနည်းဆုံး အခကြေးငွေပေးရန် ပျက်ကွက်မှု၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုရန် ပျက်ကွက်ခဲ့သည့် အလုပ်ရှင်အား အရေးယူပေးရေး ပြည်မြို့တွင် ဆန္ဒထုတ်ဖော်
Published 21 September 2017

အလုပ်ရှင်အား အရေးယူပေးရေးအတွက် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် စက်တင်ဘာ ၂၀ ရက်က ဆန္ဒထုတ်ဖော်စဉ်

အနည်းဆုံး အခကြေးငွေပေးရန် ပျက်ကွက်မှု၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်စာချုပ်ကို ချုပ်ဆိုရန် ပျက်ကွက်ခဲ့သည့် အလုပ်ရှင်အား အရေးယူပေးရေးအတွက် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန္ဒထုတ်ဖော်မှုကို စက်တင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီမှ စတင်ကာ ပြည်မြို့၊ မူယာပင် ပန်းခြံရှေ့တွင် စုဝေးခြင်း၊ ဗိုလ်ချုပ်လမ်း၊ ဘုရင့်နောင်လမ်း တစ်လျှောက်တို့တွင် လမ်းလျှောက် ကြွေးကြော်မှုများ ပြုလုပ်ပြီး အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနရုံးရှေ့တွင် တောင်းဆိုဟောပြောခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“တရားဝင်တိုင်ထားတာက ခုံသမာဓိကောင်စီ မြို့နယ်ညှိနိုင်းဖျန်ဖြေရေးအဖွဲ့ နောက်ခုံသမာဓိအဖွဲ့ အလုပ်သမား ၃၂  ဦးက တိုင်ကြားထားတယ်။ ကျွန်တော်တို့က နိုတစ်ကြေးနဲ့ အလုပ်ထုတ် နစ်နာကြေးပဲ ရသေးတယ်။ ရရန်ရှိသေးတယ်။ အကြုံးဝင်သေးတဲ့ ခံစားခွင့်ရှိတဲ့ ဥပဒေတွေလည်းရှိတယ်။ ဥပဒေအတိုင်း ဆောင်ရွက်ပေးရမယ်လို့လည်း သုံးသပ်ထားတာရှိတယ်။ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ဖွင့်ရက်ပိတ်ရက် အက်ဥပဒေ အနည်းဆုံးအခကြေးငွေ နောက်တစ်ခုက စာချုပ်နဲ့ပတ်သက်ပြီး အလုပ်အကိုင်တွေ ဖွံ့ဖြိုးတိုးတက်ရေး အက်ဥပဒေဆိုပြီး အဲဒီလေးခုနဲ့ အကျုံးဝင်ခံစားခွင့်ရှိတဲ့ ကျွန်တော်တို့ထပ်ပြီး ရဖို့ရှိတာက အဲဒီခံစားခွင့်တွေကို မရသေးလို့ အခုလို တောင်ဆိုနေရခြင်း ဖြစ်တယ်” ဟု အလုပ်သမားများ အခွင့်အရေး လိုက်လံတောင်းဆို ပေးနေသည့် ကိုဇော်ထွန်းက ပြောကြားသည်။

ဆန္ဒဖော်ထုတ်ရာတွင် နဝဒေးသကြားစက်မှ အလုပ်ထုတ်ခံခဲ့ရသည့် ဝန်ထမ်း ၃၂ ဦးအပါအဝင် မိသားစုဝင်အင်အား ၅၀ ခန့်ဖြင့် လမ်းလျှောက်တောင်းဆိုခဲ့ပြီး ခုံသမာဓိကောင်စီ၊ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်တွင် သုံးသပ်ထားသည့် အကျုံးဝင်သော ခံစားခွင့်ရှိသော ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်အလုပ်ပိတ်ရက် အက်ဥပဒေ၊ အနည်းဆုံး အခကြေးငွေ ဥပဒေများအတိုင်း၊ အလေးမထားသောကြောင့် အလေးထားပြီး မှန်မှန်ကန်ကန် အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်နှင့် အနည်းဆုံး အခကြေးငွေပေးရန် ပျက်ကွက်မှု၊ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက် စာချုပ်ကို ချုပ်ဆိုရန် ပျက်ကွက်ခဲ့သည့် အလုပ်ရှင်အား ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ပေးရန်၊ တရားဥပဒေစိုးမိုးရန် တောင်းဆိုပွဲစာတန်း ပါဗီနိုင်းပိုစတာကို ကိုင်ဆောင်ကာ ယင်းစာသားများကို ကြွေးကြော်ခဲ့ကြသည်။

“ကျွန်တော်တို့ ဆန္ဒပြရတဲ့ အကြောင်းအရင်းကတော့ ခုံသမာဓိကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အောက်ခြေက မြို့နယ်ညှိနှိုင်းဖြန်ဖျေရေး အဖွဲ့တွေ မြို့နယ်အလုပ်သမား စီစစ်ရေးရုံးတွေက မှန်မှန်ကန်ကန် အကောင်အထည်ဖော် ဆောင်ရွက်ပေးခြင်းမရှိလို့ ဆန္ဒထုတ်ဖော်ရတာပါ။ အမှုရင်ဆိုင် လာရတာလည်း ခြောက်လလောက်ရှိပြီ။ မိသားစုတွေ အရမ်းဒုက္ခရောက်ပါတယ်။ ကျွန်တော်ဆို လုံခြုံရေးဌာနမှာ လုပ်လာတာ နှစ်နှစ်ရှိပြီ။ အခြားလူတွေလည်းရှိတယ်။ ဥပဒေမဲ့ အလုပ်ထုတ်တယ်။ နစ်နာကြေးမပေးဘူး။ ခုံသမာဓိကို တက်ခါမှ နိုတစ်ကြေးရတယ်။ ရဖို့ကျန်နေတာက အချိန်ပိုကြေးတွေ အနည်းဆုံးအခကြေးငွေ ရရန်ရှိတာပေါ့။ အခုဆန္ဒပြတယ်။ အကြောင်းမထူးဘူး ဆိုရင်တော့ အလုပ်သမားတွေနဲ့ ညှိနိုင်းပြီး ဆက်လုပ်သွားမယ်” ဟု နဝဒေးသကြားစက်တွင် လုံခြုံရေး ဝန်ထမ်းအဖြစ်လုပ်ခဲ့သူ ကိုသန်းဇော်ထွဋ်က ပြောကြားသည်။

အဆိုပါ နဝဒေးသကြားစက်မှ အလုပ်သမား ၃၂ ဦးကို မတ် ၂၅ ရက်က အလုပ်ထုတ်ခံခဲ့ရမှုကြောင့် ဧပြီ ၂၀ ရက်တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန (ပြည်ခရိုင်ရုံး) သို့ တိုင်ကြားခဲ့ပြီး မြို့နယ်ညှိနှိုင်း ဖြန်ဖျေရေးအဖွဲ့က သုံးကြိမ်ညှိနှိုင်း ဖြန်ဖျေပေးခဲ့ပြီး ခုံသမာဓိအဖွဲ့၊ ခုံသမာဓိကောင်စီတို့သို့ ဆက်လက် လျှောက်ထားခဲ့ကြောင်း ဆုံးဖြတ်ချက်နှင့် သုံးသပ်ချက်တို့ ပြန်လည်ချပေးခဲ့ပြီး ဆုံးဖြတ်ချက်ပေးခဲ့သည့် OT ကြေး နစ်နာကြေးရသင့် ရထိုက်သည်များကို အလုပ်ရှင်ဘက်က ပေးခဲ့ကြောင်း အလုပ်ထုတ် နစ်နာကြေးများကို ပေးခဲ့ပြီး OT ကြေးများကိုလည်း တွက်ချက်ပေးထားကြောင်း ယူသည့်သူများ ယူထားကာ မယူသေးသည့် သူများလည်း ရှိကြောင်း လက်ရှိတောင်းဆိုမှုများကို တည်ဆဲဥပဒေဖြစ်ပါက ပေးမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန (ပြည်ခရိုင်) တာဝန်ခံ ဒေါ်စုစုလှိုင်က ပြောကြားသည်။

အဆိုပါ အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမား ၃၂ ဦးအထွက် အလုပ်ထုတ် နစ်နာကြေးနှင့် နိုတစ်ကြေးအဖြစ် ၁၅၄ သိန်းနှစ်သောင်းကျပ်ကို ပေးအပ်ခဲ့ကြောင်း သိရသည်။