ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်အရေး မိန့်ခွန်းနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဝေဖန်မှုများ ထွက်ပေါ်

ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်အရေး မိန့်ခွန်းနှင့် ပတ်သက်၍ နိုင်ငံတကာမှ ဝေဖန်မှုများ ထွက်ပေါ်
Published 20 September 2017

စက်တင်ဘာ ၁၉ ရက်က အူခီယာခရိုင်အနီးရှိ ဘာလူခါလီ ဒုက္ခသည်စခန်းအနီး ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များက ဒုက္ခသည်များကို ရှင်းလင်းရန် ကြိုးပမ်းနေစဉ် (Photo : AFP)

နယူးယောက်မြို့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ မြန်မာနိုင်ငံအား ပြင်းထန်စွာ  ပြစ်တင်ဝေဖန်ဖွယ် ရှိမှုကို အချိန်ကိုက် လက်ဦးမှုရယူလျက် စက်တင်ဘာ ၁၉ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြား ခဲ့သည်ဟု ပြည်ပနိုင်ငံများမှ ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဒုက္ခသည်အချို့ကို ပြန်လည်နေရာချထား ပေးမည်ဟု  ကတိပြု ပြောကြားခဲ့သော်လည်း မြန်မာတပ်မတော်က ဦးဆောင်လျက် လူမျိုးစုလိုက် သုတ်သင်မှု ဆောင်ရွက်ခဲ့သည် ဟူသော ကုလသမဂ္ဂ၏ ပြောကြားမှုကို အဆုံးသတ်ရန် ဖြေရှင်းမှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု ဆိုသည်။

လူအခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ဖီးရောဘတ်ဆန်က “သူဟာ ရိုဟင်ဂျာတွေကို တွေ့တာနဲ့ကို မကြိုက်တဲ့ မြန်မာတွေနဲ့ တပ်မတော်တို့ကြောင့် ဘယ်လိုအခက်တွေ့ရတယ်ဆိုတာ များများစားစား မပြောဘဲ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ယုံကြည်မှုကို တစ်စုံတစ်ရာ အတိုင်းအတာအထိ ပြန်ရဖို့ ကြိုးစားနေပါတယ်” ဟု ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နှင့် သဘောတူညီထားသော စစ်ဆေးအတည်ပြုခြင်းဆိုင်ရာ လုပ်ငန်းစဉ်နှင့်အညီ ဒုက္ခသည်များကို ပြန်လည်လက်ခံသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် အရေအတွက်မည်မျှ ပြန်လည်လက်ခံရေးအတွက် သတ်မှတ်ချက်နှင့် ပြည့်မီမည်ကို ရေရေရာရာ သိရှိရခြင်းမရှိဟု ဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်လည်လက်ခံမည်ဆိုတဲ့ ကတိက အသစ်ဖြစ်ပြီး အရေးကြီးပါတယ်” ဟု မြန်မာနိုင်ငံအခြေစိုက် လွတ်လပ်သော သုံးသပ်သူ တစ်ဦးဖြစ်သည့် ရစ်ချက်ဟော့ဆေးက ပြောကြားခဲ့သည်။ သူက ယင်းသည် မြန်မာနိုင်ငံသား ဖြစ်ခြင်းထက်စာလျှင် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ကြောင်း သက်သေပြနိုင်သူများကို ပြန်လက်ခံမည့် သဘောဟု ရှင်းပြခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်၏ ရှင်းလင်းမှု စစ်ဆင်ရေးများသည် စက်တင်ဘာ ၅ ရက်တွင် ပြီးဆုံးခဲ့ပြီဟု အခိုင်အမာ ပြောကြားခဲ့သည်။ သို့သော် အေအက်ဖ်ပီ သတင်းထောက်များက ယင်းနောက်ပိုင်း ရက်များတွင် မီးလောင်နေသော အိမ်များကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရောက်ရှိလာသော ဒုက္ခသည်များကလည်း ယင်းစစ်ဆင်ရေးများ ဆက်လက် ဆောင်ရွက်နေသည်ဟု သက်သေခံ ထွက်ဆိုခဲ့ကြသည်ဟု ဆိုသည်။

မည်သည့်အဖွဲ့ကိုမျှ အမည်မတပ်ဘဲ ဒေါ်အောင်ဆန်းစုကြည်က ကိုးကွယ်သည့် ဘာသာ၊ လူမျိုး၊ နိုင်ငံရေး ရပ်တည်ချက်တို့နှင့် မဆိုင်ဘဲ ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိသည့် မည်သူ့ကိုမဆို အပြစ်ပေးသွားမည်ဟု  ကတိပေးခဲ့သည်။ သို့သော် မြန်မာတပ်မတော်၏ လုပ်ဆောင်ချက်များသည် အရပ်ဘက်မှ ကြီးကြပ်မှုမပါဘဲ ဆောင်ရွက်ခြင်းဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ဆုံးဖြတ်ချက်များ အားလုံးကိုလည်း တပ်မတော်က ချမှတ်ခြင်း ဖြစ်သည်ဟု ဝေဖန်ကြသည်။

၎င်းအပြင် မြန်မာနိုင်ငံတွင် အုပ်စုဖွဲ့ကာ အင်အားဖြင့် လွှမ်းမိုးတတ်သည့် စိတ်ထားမျိုး ထွက်ပေါ်လာခဲ့ပြီး ကုလသမဂ္ဂ၊ နိုင်ငံတကာ NGO များနှင့် ပြည်ပမီဒီယာများကို ဘက်လိုက်သည်ဟုဆိုကာ ဒေါသတကြီး ပစ်မှတ်ထားကြသည်ဟုလည်း အေအက်ဖ်ပီ၏ သတင်း၌ ဝေဖန်ရေးသားထားသည်။

အမေရိကန်မှ CNN သတင်းဌာနက ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းမှ မယုံကြည်ရသော အချက်ငါးချက်ဟူ၍ ကောက်နုတ်ဝေဖန်ခဲ့သည်။ CNN က အဘယ်ကြောင့် လူများအစုလိုက် အပြုံလိုက် ထွက်ခွာခဲ့ရသည်ကို ရှင်းမပြခြင်း၊ မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာက စစ်ဆေးစိစစ်မည်ကို စိုးရိမ်မှုမရှိ ဟုဆိုခြင်း၊ ပြည်ပသို့ ထွက်ပြေးရသူများထဲတွင် လူများစု ရခိုင်လူမျိုးများ မပါဝင်ခြင်း၊ ရခိုင်ပြည်နယ်တွင် လူအားလုံး ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိသည် ဆိုခြင်းနှင့် စက်တင်ဘာ ၅ ရက် နောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများနှင့် စစ်ဆင်ရေး မရှိတော့ဟုဆိုခြင်းတို့ကို ထောက်ပြဝေဖန်ခဲ့သည်။

Ref : AFP

Most Read

Most Recent