မင်္ဂလာဒုံမြို့နယ်တွင် ပဲအိတ်များ သယ်ဆောင်လာသည့် ၁၈ ဘီး နောက်တွဲယာဉ် တစ်စီး လမ်းပြောင်းပြန် ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောမှ ယာဉ်တစ်စီးနှင့် ပွတ်တိုက်မိပြီး တိမ်းမှောက်

မင်္ဂလာဒုံမြို့နယ်တွင် ပဲအိတ်များ သယ်ဆောင်လာသည့် ၁၈ ဘီး နောက်တွဲယာဉ် တစ်စီး လမ်းပြောင်းပြန် ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောမှ ယာဉ်တစ်စီးနှင့် ပွတ်တိုက်မိပြီး တိမ်းမှောက်
Published 19 September 2017

တိမ်းမှောက်သွားသည့် ယာဉ်မှ ပဲများကို တာဝန်ရှိသူများက ရှင်းလင်းနေစဉ်( ဓာတ်ပုံ- ပုလဲ အရန်မီးသတ်တပ်ဖွဲ့)

မင်္ဂလာဒုံမြို့နယ်တွင် ပဲအိတ်များ သယ်ဆောင်လာသည့် ၁၈ ဘီး နောက်တွဲယာဉ် တစ်စီးလမ်းကြောင်း ပြောင်းပြန်ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောမှ ယာဉ်တစ်စီးနှင့် ပွတ်တိုက်မိသဖြင့် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း စက်တင်ဘာ ၁၈ ရက်တွင် ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၁၇ ရက် ည ၈ နာရီခွဲကျော်ခန့်တွင် မင်္ဂလာဒုံမြို့နယ် တညင်းကုန်း လမ်းမကြီးအတိုင်း တညင်းကုန်းဘက်မှ မင်္ဂလာဒုံဘက်သို့ မောင်းနှင်လာသည့် ပဲအိတ်များ တင်ဆောင်လာသည့် နောက်တွဲယာဉ် တစ်စီးသည် လမ်းကြောင်း ပြောင်းပြန် ကျော်တက် မောင်းနှင်ခဲ့ကြောင်း သိရသည်။

ထိုသို့ မောင်းနှင်စဉ် တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသည့် ဟွန်ဒါဖစ်ယာဉ် နှင့် မျက်နှာချင်းဆိုင် အတွေ့တွင် တိမ်းရှောင်လိုက်စဉ် ဟွန်ဒါဖစ်ယာဉ်၏ ဘေးဘက်အား ပွတ်တိုက်မိခဲ့ပြီး နောက်တွဲယာဉ်မှာ တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

“တွဲကားက တညင်းကုန်းဘက်ကနေ မင်္ဂလာဒုံဘက်ကို မောင်းလာတာပါ။ အဲဒီလို မောင်းရာကနေ သူက လမ်းကြောင်းပြောင်း ပြန်ကျော်တက်ရင်း တစ်ဖက်က ကားလေးနဲ့ ဘေးချင်းကပ် ပွတ်တိုက်မိပြီး မှောက်သွားတာပါ”ဟု ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ တိမ်းမှောက်ခဲ့သဖြင့် နောက်တွဲယာဉ်ပေါ်မှ အမျိုးသားသုံးဦးနှင့် ဟွန်ဒါဖစ် ယာဉ်ပေါ်ရှိ အမျိုးသားသုံးဦးတို့မှာ ပွန်းပဲ့ ဒဏ်ရာများ ရရှိခဲ့သဖြင့် လူနာများအား ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သဖြင့် အဆိုပါနေရာ အနီးတစ်ဝိုက်တွင် ယာဉ်ပိတ်ဆို့မှုများ တစ်နာရီခွဲခန့် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နောက်တွဲယာဉ် တိမ်းမှောက်ခဲ့သဖြင့် အဆိုပါယာဉ်ပေါ်တွင် သယ်ဆောင်လာသည့် ပဲများမှာ လမ်းမပေါ်၌ ပြန့်ကျဲသွားခဲ့သဖြင့် ပုလဲ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အနီးရှိ ပြည်သူများ၊ ပုလဲမြို့သစ်၊ တညင်းကုန်း နှင့် ရွှေပြည်သာ မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများနှင့် မင်္ဂလာဒုံမြို့မရဲစခန်းမှ တာဝန်ရှိသူများက ဝိုင်းဝန်း ရှင်းလင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“တွဲကားမှောက်တော့ ကျွန်တော်တို့ဆီက လူအင်အား ၂၀ နဲ့လမ်းပေါ်မှာ ပြန့်ကျဲနေတဲ့ ပဲအိတ်တွေကို ရွှေ့တယ်။ ပြီးတော့ ကြက်ခြေနီ၊ နီးစပ်ရာ တညင်းကုန်း အရန်မီးသတ်၊ ရွှေပြည်သာ အရန်မီးသတ်၊ အနီးက ပြည်သူတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အဲဒီနားက တပ်မတော်သားတွေပါ ရောက်လာပြီးပဲ အိတ်တွေကို ဝိုင်းရွှေ့ရပါတယ်။ လမ်းပိတ်တာကတော့ တစ်နာရီခွဲလောက်တော့ ကြာသွားပါတယ်”ဟု ပုလဲ အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်မှ နောက်တွဲယာဉ်မှ ယာဉ်မောင်းအား ယာဉ် (ပ) ၈၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် ဖမ်းဆီး အမှုဖွင့်ထားကြောင်း သိရပြီး အမှုအား ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent