စက်တင်ဘာ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ် တစ်ကြိမ် ဖြစ်ပွားနိုင်

စက်တင်ဘာ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ် တစ်ကြိမ် ဖြစ်ပွားနိုင်
Published 19 September 2017

စက်တင်ဘာ နောက်ဆုံးပတ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ် တစ်ကြိမ် ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ စက်တင်ဘာ တတိယ ၁၀ ရက်ပတ် မိုးလေဝသခန့်မှန်းချက်အရ သိရသည်။

ခန့်မှန်းချက်တွင် အနောက်တောင် မုတ်သုံလေသည် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၁ ရက်မှ၂၄ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာ ၂၅ ရက်မှ ၂၇ ရက်အတွင်း အလယ်ပိုင်းဒေသများမှ လည်းကောင်း၊ စက်တင်ဘာ၂၈ ရက်မှ အောက်တိုဘာ ၃ ရက်အတွင်း မြစ်ဝကျွန်းပေါ် ဒေသများမှ လည်းကောင်း အသီးသီး ဆုတ်ခွာသွားဖွယ် ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် မုတ်သုံလေအား အသင့်အတင့် ရှိနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။ မိုးရွာသွန်းနိုင်မှု အခြေအနေသည် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ခုနစ်ရက်မှ ကိုးရက်ခန့်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် လေးရက်မှ ခြောက်ရက်ခန့် မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံတွင် တိုက်ခတ်လျက်ရှိသည့် အပူပိုင်းမုန်တိုင်းကြောင့် ရန်ကုန်မြို့အပါအဝင် အခြားမြို့များ၌ နေရာကွက်ကျား မိုးထစ်ချုန်း ရွာသွန်းမှုများ ရှိနေကြောင်း သိရသည်။

စက်တင်ဘာ အစောပိုင်းက ဧရာဝတီမြစ်ရေ ကြီးမှုကြောင့် အထက်ပိုင်း ဒေသများတွင် နေရာအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း သိရပြီး စစ်ကိုင်းတိုင်းဒေသကြီးတွင် နေထိုင်သူများအနေဖြင့် နေရပ်ပြောင်းရွှေ့မှုများ ရှိခဲ့ကြောင်း သိရသည်။

မိုးဦးကျ ရာသီနှင့် မိုးနှောင်းပိုင်း ကာလများတွင် ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းများ ဖြစ်ပွားလျက်ရှိပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံများသို့ ဝင်ရောက်လေ့ရှိပြီး မြန်မာနိုင်ငံသို့ မုန်တိုင်းဝင်ရောက် တိုက်ခတ်မှုမှာ နည်းပါးသည်။

မြန်မာနိုင်ငံတွင် လူအသေအပျောက် အများဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံး တိုက်ခတ်ခဲ့သည့် မုန်တိုင်းမှာ ၂၀၀၈ ခုနှစ်တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း ဖြစ်ကြောင်း သိရသည်။

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းတွင် လူသေဆုံးမှု အများဆုံး ဖြစ်ပွားခဲ့ပြီး ဖျာပုံ၊ လပ္ပတ္တာမြို့များမှာ မုန်တိုင်းဒဏ်ကို အများဆုံး ခံစားခဲ့ရသည်။

Most Read

Most Recent