မိုနာကိုအသင်း နည်းပြ ယာဒင်းကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး အွန်နရီကို အစားထိုးခန့်အပ်ဖွယ်ရှိ

မိုနာကိုအသင်း နည်းပြ ယာဒင်းကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး အွန်နရီကို အစားထိုးခန့်အပ်ဖွယ်ရှိ
Published 11 October 2018

မိုနာကိုအသင်းသည် ရလဒ်ဆိုးများနှင့် ရင်ဆိုင်နေရသည့်အတွက် နည်းပြ ယာဒင်းကို ရာထူးမှ ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

ယာဒင်း(၄၄ နှစ်)သည် ၂၀၁၆-၁၇ ရာသီက မိုနာကိုအသင်းကို ပြင်သစ်လိဂ်အမှတ်ပေးချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်သော်လည်း လက်ရှိရာသီတွင်မူ (၉)ပွဲကစားပြီးချိန်၌ နိုင်ပွဲတစ်ပွဲသာ ရယူပေးနိုင်ခဲ့သည်။

ထို့ပြင် ရှုံးပွဲ(၅)ပွဲအထိ ရှိခဲ့သည့်အတွက် တန်းဆင်းဇုန်အတွင်း ကျရောက်နေခဲ့သလို၊ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း (၂)ပွဲဆက် ရှုံးနိမ့်ထားခဲ့သည်။

ထို့ကြောင့် သတင်းများကြိုတင်ထွက်ပေါ်ခဲ့သည့်အတိုင်း မိုနာကိုအသင်းတာဝန်ရှိသူများက ယာဒင်းကို ရာထူးမှ ထုတ်ပယ်လိုက်ခြင်းဖြစ်သည်။

မိုနာကိုအသင်း၏ အမှုဆောင်ချုပ်ဖြစ်သူက ''ယာဒင်းရဲ့ အကောင်းဆုံးလုပ်ဆောင်ပေးခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်။ အသင်းရဲ့သမိုင်းမှာ အလှပဆုံးစာမျက်နှာတွေထဲက တစ်ခုကို သူ ရေးသားပေးသွားခဲ့ပါတယ်။ သူဟာ မိုနာကိုမိသားစုရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ဆက်ရှိနေမှာပါ'' ဟုဆိုခဲ့သည်။

မိုနာကိုအသင်းသည် ယာဒင်း၏နေရာတွင် အာဆင်နယ်ကစားသမားဟောင်းနှင့် ဘယ်လ်ဂျီယံလက်ရွေးစင်အသင်း၏ လက်ထောက်နည်းပြဟောင်းဖြစ်သည့် အွန်နရီကို အစားထိုးခန့်အပ်သွားဖွယ်ရှိနေကြောင်း သိရှိရသည်။

အွန်နရီသည် ကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ရန် ဆန္ဒရှိနေပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက အက်စတွန်ဗီလာအသင်းကို ကိုင်တွယ်ရန် စီစဉ်နေကြောင်း သတင်းထွက်ခဲ့သော်လည်း နောက်ပိုင်းတွင် မိုနာကိုအသင်း၏ ကမ်းလှမ်းမှုကြောင့် အက်စတွန်ဗီလာနည်းပြရာထူးကို ပယ်ချခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

 

Most Read

Most Recent