ယခုရာသီ ပရီးမီးယားလိဂ်တွင် နာကျင်အချိန်ပိုများစွာ ပေးနေခြင်းကြောင့် ကလပ်အသင်းများအနေဖြင့် တစ်သင်းလျှင် (၂) ပွဲခွဲခန့် ပိုကစားရဖွယ်ရှိနေ

ယခုရာသီ ပရီးမီးယားလိဂ်တွင် နာကျင်အချိန်ပိုများစွာ ပေးနေခြင်းကြောင့် ကလပ်အသင်းများအနေဖြင့် တစ်သင်းလျှင် (၂) ပွဲခွဲခန့် ပိုကစားရဖွယ်ရှိနေ
Photo: Daily Mail
Photo: Daily Mail
Published 28 March 2024

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နာကျင်အချိန်ပိုများစွာပေးနေခြင်းကြောင့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် တစ်သင်းလျှင် တစ်ရာသီအတွင်း (၂) ပွဲခွဲခန့် ပိုကစားရဖွယ်ရှိနေကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ပွဲကစားနေချိန်အတွင်း လေလွင့်အချိန်များကို ဖာထေးနိုင်ရန်အတွက် နာကျင်အချိန်ပိုများစွာပေးရန် ကွင်းလယ်ဒိုင်များအား ညွှန်ကြားခဲ့သည်။

ပရီးမီးယားလိဂ်တာဝန်ရှိသူများကလည်း FIFA ၏ ဆုံးဖြတ်ချက်အတိုင်း လိဂ်ပြိုင်ပွဲများတွင် ပွဲကစားနေစဉ်အတွင်း ဆုံးရှုံးခဲ့သည့် လေလွင့်အချိန်ပိုများအတွက် နာကျင်အချိန်ပိုများပေးရန် သတ်မှတ်ခဲ့သည်။

ထို့ကြောင့် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲလျှင် ပျမ်းမျှအားဖြင့် နာကျင်အချိန်ပို (၁၁) မိနစ်နှင့် (၃၉) စက္ကန့်အထိ ရှိခဲ့ပြီး တစ်ပွဲလျှင် (၁၀၁) မိနစ်နှင့် (၃၉) စက္ကန့်အထိ ကစားနေရသည်။

ယင်းမှာ ၂၀၁၇-၁၈ ရာသီက နာကျင်အချိန်ပို (၆) မိနစ်၊ (၂၂) စက္ကန့်နှင့် နှိုင်းယှဉ်လျှင် များစွာတိုးမြင့်လာခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ကစားသမားများအနေဖြင့် ပွဲများအချိန်ကြာမြင့်စွာ ကစားနေရခြင်းကြောင့် ရေရှည်တွင် ဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်ရမည်ကို စိုးရိမ်နေကြပြီး ပွဲအတွင်း မည်သို့ကစားရမည်ကို ညွှန်ကြားချက်ပေးရန် ဒိုင်လူကြီးများထံ တောင်းဆိုခဲ့ကြသည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တစ်ရာသီထက်တစ်ရာသီ နာကျင်အချိန်ပိုများ တဖြည်းဖြည်းပိုတိုးလာခဲ့ပြီး ၂၀၀၆-၀၇ ရာသီက တစ်ပွဲလျှင် ပျမ်းမျှနာကျင်အချိန်ပိုမှာ (၅) မိနစ်နှင့် (၄၃) စက္ကန့်သာ ရှိခဲ့သည်။

ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ပြီးခဲ့သည့်ရာသီကထက် နာကျင်အချိန်ပိုမှာ (၃) မိနစ်အထိ တိုးမြင့်လာခဲ့ကြောင်း သိရသည်။

VAR အသုံးမပြုမီ ၂၀၁၇-၁၈ ရာသီကထက် ယခုရာသီတွင် နာကျင်အချိန်ပိုပေးမှုမှာ (၅) မိနစ်နှင့် (၁၇)စက္ကန့်အထိ ပိုများလာကြောင်းလည်း MyBetingSites.co.uk က ဖော်ပြခဲ့သည်။

ယခုအတိုင်းသာ ဆက်သွားမည်ဆိုပါက ယခုရာသီတွင် ပရီးမီးယားလိဂ်ကလပ်အသင်းများအနေဖြင့် တစ်သင်းလျှင် တစ်ရာသီအတွင်း ပျမ်းမျှ (၂၁၄) မိနစ်ပိုကစားနေပြီး ယင်းမှာ ပြီးခဲ့သည့် (၆) နှစ်နှင့် နှိုင်းယှဉ်လျှင် တစ်သင်းလျှင် (၂.၄) ပွဲခန့် ပိုကစားရနေခြင်းဖြစ်သည်။

ယခုရာသီ ပရီးမီးယားလိဂ်တွင် တစ်ပွဲပျမ်းမျှ နာကျင်အချိန်ပို အများဆုံးကစားရသည့်အသင်းအဖြစ် စပါးအသင်းက (၁၃) မိနစ်၊ (၃၇) စက္ကန့်ဖြင့် ရပ်တည်နေပြီး ၎င်း၏နောက်တွင် ဗီလာ၊ နော်တင်ဟမ်ဖောရက်စ်နှင့် ချယ်လ်ဆီးတို့ ရှိနေသည်။

ပရီးမီးယားလိဂ်တွင် နာကျင်အချိန်ပို အနည်းဆုံးကစားရသည့် အသင်းအဖြစ် ဝက်စ်ဟမ်းအသင်းက (၁၀) မိနစ်၊ (၁၉) စက္ကန့်ဖြင့် ရပ်တည်နေသည်။ 

Most Read

Most Recent