သန်လျင်မြို့နယ်တွင် မူးယစ်ဆေးဝါး သတင်းအရ သွားရောက် စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်များကို ဓား၊ တူတို့ဖြင့် ပြန်လည် ခုခံသည့် မူးယစ်ဆေးသုံးစွဲသူများအား ဖမ်းဆီး

သန်လျင်မြို့နယ်တွင် မူးယစ်ဆေးဝါး သတင်းအရ သွားရောက် စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်များကို ဓား၊ တူတို့ဖြင့် ပြန်လည် ခုခံသည့် မူးယစ်ဆေးသုံးစွဲသူများအား ဖမ်းဆီး
Published 15 September 2017

သန်လျင်မြို့နယ်တွင် မူးယစ်ဆေးဝါး သတင်းအရ သွားရောက် စစ်ဆေးသည့် ရဲတပ်ဖွဲ့ဝင်များကို ဓား၊ တူတို့ဖြင့် ပြန်လည်ခုခံသည့် မူးယစ်ဆေးဝါး သုံးစွဲနေသူများအား ဖမ်းဆီးရမိကြောင်း စက်တင်ဘာ ၁၄ ရက်တွင် စုံစမ်းသိရှိရသည်။

စက်တင်ဘာ ၁၂ ရက် ည ၁၂ နာရီကျော်တွင် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများသည် သန်လျင်မြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် လှည့်ကင်းတာဝန် ထမ်းဆောင်နေစဉ် ယင်းမြို့နယ် ညောင်ပင်ကျေးရွာရှိ နေအိမ် တစ်အိမ်တွင် မူးယစ်ဆေးဝါးသတင်း ရရှိခဲ့ကြောင်း သိရသည်။

သတင်းရရှိသဖြင့် အဆိုပါ နေအိမ်သို့ သွားရောက်ရာ နေအိမ်မှာ တံခါးပိတ်လျက်ရှိပြီး မူးယစ်ဆေးဝါး သုံးစွဲနေသည်ကို နေအိမ် ပြတင်းပေါက်မှ တွေ့မြင်ရသဖြင့် တံခါးအား ရဲတပ်ဖွဲ့ဝင်များက ဖွင့်ခိုင်းခဲ့ကြောင်း သိရသည်။

ထိုသို့ တံခါးဖွင့်ခိုင်းစဉ် နေအိမ်အတွင်းရှိ အမျိုးသားခုနစ်ဦးအနက် အမျိုးသားသုံးဦးက သံရေအိုးစင်၊ မြတ်ရိတ်ဓားနှင့် တူတို့ ကိုင်ဆောင်ကာ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြန်လည်တိုက်ခိုက်သူ သုံးဦးအနက် နှစ်ဦးမှာ ထွက်ပြေး တိမ်းရှောင်သွားပြီး နေအိမ်အတွင်းရှိ အခြားအမျိုးသားများအား ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်ခံရသဖြင့် ရဲတပ်ကြပ်တစ်ဦးမှာ ဝဲလက်သန်းကြွယ် ဖူးရောင်ပေါက်ပြဲ၊ ယာလက်ခုံ ဖူူးရောင်နှင့် ရဲတပ်သား တစ်ဦးမှာ ယာလက်ခုံ အဆစ်ကျိုးဒဏ်ရာများ ရရှိပြီး သန်လျင်ဆေးရုံသို့ တင်ပို့ ကုသခဲ့ရကြောင်း သိရသည်။

ဖမ်းဆီးရမိသူ သုံးဦးမှာ သန်လျင်မြို့နယ် ညောင်သုံးပင်ကျေးရွာနေ စိုးမင်းပိုင် (၂၀ နှစ်)၊ သောက်တော်တွင်း ကျေးရွာနေ ရှိုင်းရာဇာညွန့် (၂၆ နှစ်)၊ ကျော်ကျော်ခိုင် (၁၈ နှစ်) နှင့် သံရေအိုးစင်ကိုင်ကာ ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်သူ အောင်မြင့်မြတ် (၂၄ နှစ်)၊ ပဲခူးစုရပ်ကွက်နေ အောင်ဆန်းမင်း (၁၈ နှစ်) တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ပြီး လွတ်မြောက်နေသူ နှစ်ဦးမှာ ကျော်ညွန့်ခိုင်နှင့် ဟိန်းထွဋ်ခေါင်တို့ ဖြစ်ကြောင်းသိရပြီး ၎င်းတို့အား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား သန်လျင်မြို့မရဲစခန်းက (ပ) ၂၇၆၈/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၃၃/၁၁၄ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။