မြန်မာပဋိပက္ခကို ဖြေရှင်းရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား အင်ဒိုနီးရှား တိုက်တွန်း

မြန်မာပဋိပက္ခကို ဖြေရှင်းရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား အင်ဒိုနီးရှား တိုက်တွန်း
Published 13 September 2017

စက်တင်ဘာ ၁၀ ရက်က ကာဇက်စတန်နိုင်ငံတွင် ကျင်းပသော သိပ္ပံနှင့်နည်းပညာဆိုင်ရာ အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ထိပ်သီးအစည်းအဝေးတွင် ရခိုင်ပြည်နယ်ပဋိပက္ခကို ဖြေရှင်းရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား အင်ဒိုနီးရှားက တိုက်တွန်းခဲ့ကြောင်း www.jakartaglobe.id တွင်ဖော်ပြထားချက်အရ သိရသည်။

ဘင်္ဂါလီ (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) အသိုက်အဝန်း ကြုံတွေ့နေရသည့် ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးကို ကူညီနေစဉ်အတွင်း အပြုသဘောဆောင်သော ထိတွေ့မှုကို ဆက်လက်ဆောင်ရွက်ရန် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံများ အပါအဝင် နိုင်ငံအားလုံးကို တိုက်တွန်းပြောကြားလိုကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးကို ကူညီရာတွင် အမှန်တကယ် အထောက်အကူဖြစ်စေမည့် အရာများကို ဦးစားပေးရန် ပြောကြားလိုကြောင်း အင်ဒိုနီးရှားနိုင်ငံက တိုက်တွန်းခဲ့သည်ဟု သိရသည်။

အဆိုပါ ထိပ်သီးအစည်းအဝေးသို့ အင်ဒိုနီးရှား ဒုတိယသမ္မတ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၌ သြဂုတ် ၂၅ ရက်မှစတင်၍ အာစာဘင်္ဂါလီ အစွန်းရောက် အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေထိုင်သူများသည် နေရပ်စွန့်ခွာ၍ နယ်စပ်ဧရိယာအပါအဝင် လုံခြုံရာနေရာများတွင် ခိုလှုံနေထိုင်ရလျက်ရှိကြောင်းနှင့် အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူ တိုင်းရင်းသား ၂၆၇၄၇ ဦးရှိနေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့အတူ ဘင်္ဂါလီများလည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိသည်။

အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားသည့် ဘင်္ဂါလီဦးရေသည် ၁၆၄၀၀၀ နီးပါးရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂက စက်တင်ဘာ ၇ ရက်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စရတ်နိုအယ်လ်ပီမာဆူဒီသည် စက်တင်ဘာ ၄ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအစိုးရ၏ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များအပေါ် အင်ဒိုနီးရှားအစိုးရ၏ ထောက်ခံမှုကို ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာမှု အကူအညီပေးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။