ခန္တီးမြို့နယ်အတွင်းရှိ ထုံးကျောက်လိုဏ်ဂူများ ဆက်လက်ထိန်းသိမ်းရန် တိုင်းဒေသကြီးအစိုးရသို့ တင်ပြမည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား

ခန္တီးမြို့နယ်အတွင်းရှိ ထုံးကျောက်လိုဏ်ဂူများ ဆက်လက်ထိန်းသိမ်းရန် တိုင်းဒေသကြီးအစိုးရသို့ တင်ပြမည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 10 September 2017

ခန္တီးမြို့နယ် အတွင်းရှိ ထမ်အီပန်းထုံးကျောက် လိုဏ်ဂူအား တွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်အတွင်းရှိ ထုံးကျောက်လိုဏ်ဂူများကို နိုင်ငံတော်က ထိန်းသိမ်းပေးရန်နှင့် ခရီးသွားလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အဆိုပါ နေရာများသို့ ခရီးသွားများ သွားလာနိုင်သည့် နေရာဖြစ်နိုင်ရန် တိုင်းဒေသကြီး အစိုးရသို့ ဆက်လက်တင်ပြသွားမည်ဟု ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။

“ဒီထုံးကျောက်ဂူတွေကို ထိန်းသိမ်းပေးဖို့ လွှတ်တော်မှာ ပါဝါပွိုင့်နဲ့ပြပြီး မေးခွန်းမေး တင်ပြသွားမှာပါ။ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်း ခရီးသွားဇုန်နေရာတိုးမယ့် နေရာခြောက်နေရာမှာ ပါတယ်လို့ ပြောတယ်။ ခန္တီးမြို့နယ်ကို ခရီးသွားလုပ်ငန်း အကောင်အထည်ဖော်ဖို့ ပြောထားတယ်။ ခရီးသွားတွေ စိတ်ဝင်စားမယ့် နေရာတွေကို ကျွန်တော့်အနေနဲ့ တင်ပြမယ့်အထဲမှာ ဒီထုံးကျောက်ဂူရှိတဲ့ နေရာတွေကို ထည့်သွင်းတင်ပြသွားမှာပါ။ ဒီအတိုင်းထားရင် ပယင်းတူးတဲ့သူတွေက တန်ဖိုးမထားဘဲ အကုန်တူးလိုက်မှာ စိုးရိမ်ရတယ်။ ခရီးသွားလုပ်ငန်းအတွက် ဖော်ဆောင်မယ် ဆိုရင်တော့ ခရီးသွားတွေအတွက် လုံခြုံရေးကိစ္စ ပြောစရာရှိမယ်” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက ပြောကြားသည်။

ထမ်အီပန်းလိုဏ်ဂူ (ခေါ် ) ငဖဲ လိုဏ်ဂူသည် ခန္တီးမြို့နယ် လင်းဖား ကျေးရွာအုပ်စု နမ်ဖီလင်းချောင်းနှင့် နမ်အီထွန်းချောင်းကြားတွင် တည်ရှိ ပြီး ဂူပေါက်ဝမှာ ထုံးကျောက်တောင် တစ်ခု၏ ခါးအလယ် အမြင့်ပေ ၂၀၀ ၌ တည်ရှိကြောင်း၊ လိုဏ်ဂူအတွင်း ကျောက်စက်ပန်းဆွဲ၊ ကျောက်စက် မိုးမျှော်၊ ကျောက်စက်တိုင်များ ရှိ ကြောင်း သိရသည်။

ထမ်အီပန်း လိုဏ်ဂူသည် သဘာဝထုံးကျောက်တောင်အတွင်း ဖြစ်တည်နေသော သဘာဝလိုဏ်ဂူဖြစ်ပြီး ပထမဝင်ပေါက်မှာ ၁၀ ပေ ခန့်ရှိသော်လည်း အတွင်းပိုင်းတွင် ပေ ၅၀ ခန့်အောက် ဆင်းသွားပြီး လျှင် ပေ ၁၀၀ ပတ်လည်ခန့် ကျယ် ဝန်းသော နေရာတစ်ခုရှိကာ ပေ ၁၀၀ ခန့်မြင့်ကြောင်း၊ လိုဏ်ဂူ၏ အတွင်းပိုင်း၌ လင်းနို့အကောင်ရေ သိန်းနှင့်ချီပြီးရှိကြောင်း၊ နမ်အီထွန်း ချောင်းတစ်ဖက်၌ ထမ်အီပန်းလိုဏ်ဂူတစ်ခုရှိပြီး ထမ်အီပန်းနှင့် ထမ်အီစန်းလိုဏ်ဂူနှစ်ခုကို ညီအစ်မဂူဟု ပြောကြကြောင်း သိရသည်။

“ဒီထုံးကျောက်ဂူတွေက ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်မှာပါ။ ဒီထုံးကျောက်ဂူတွေက သဘာဝကပေးတဲ့ လက်ဆောင်တွေပါ။ ဒါတွေကို ထိန်းသိမ်းပေးသင့်ပါတယ်။ မထိန်းသိမ်းဘူး ဆိုရင်တော့ ကြာရင်ပျက်စီးသွားမယ်။ သဘာဝအတိုင်း ရှိတုန်းလေး ထိန်းသိမ်းပေးထားသင့်ပါတယ်” ဟု ခန္တီးမြို့ခံ ကိုအောင်ဆန်းမြင့်က ပြောကြားသည် ။

အဆိုပါ ထုံးကျောက်ဂူများသို့ ရေလမ်း၊ ကုန်းလမ်းတို့ဖြင့် သွားလာနိုင်ပြီး ရေလမ်းဖြင့်ဆိုလျှင် ခန္တီးမြို့ အောက်ဘက် ၂၅ မိုင် ကွာဝေးသော နမ်ဖီလင်းချောင်းမှတစ်ဆင့် စက် လှေငယ်များဖြင့် ငါးနာရီခန့် သွားရပြီး ကုန်းလမ်းခရီးဖြင့်ဆိုလျှင် ခန္တီးမြို့ မှ နန်စီပွန်ဒေသမှတစ်ဆင့် တာမခံ- ခန္တီးလမ်းအတိုင်း ဆက်သွားပြီး ပယင်းမှော်သို့ ဆက်သွားရသည်ဟု သိရသည်။