မောင်တောခရိုင်မှ စစ်တွေမြို့သို့ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ဆက်လက်မြင့်တက်လျက်ရှိ

မောင်တောခရိုင်မှ စစ်တွေမြို့သို့ နေရပ်စွန့်ခွာ တိမ်းရှောင်သူများ ဆက်လက်မြင့်တက်လျက်ရှိ
Published 9 September 2017

ဘူးသီးတောင်ဆိပ်ကမ်းတွင် စစ်တွေမြို့သို့ တိမ်းရှောင်ကြမည့်သူများအား စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက တွေ့ရစဉ်

ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ တိုက်ခိုင်မှုများကြောင့် မောင်တောမြောက်ပိုင်းတွင် ပိတ်မိနေသော ကျေးရွာများမှ အရဲစွန့်၍ ရရာ ကား၊ ဆိုင်ကယ်များဖြင့် မောင်တောနှင့် ဘူးသီးတောင်မြို့သို့ နေရပ်စွန့်ခွာ တိမ်းရှောင်လာကြသော ဒေသခံ တိုင်းရင်းသားများသည် ဘူးသီးတောင်ဆိပ်ကမ်းမှ ထွက်ခွာသည့် ပြည်တွင်းရေကြောင်းသင်္ဘော၊ လျှပ်ပြေး အမြန်ရေယာဉ်များဖြင့် စစ်တွေမြို့သို့ နေ့စဉ် ထွက်ခွာနေကြကြောင်း သိရသည်။

ယနေ့ (စက်တင်ဘာ ၉ ရက်) နံနက်ပိုင်းတွင် ဘူးသီးတောင်ဆိပ်ကမ်းမှ ပြည်တွင်းရေကြောင်းသင်္ဘော တစ်စီးနှင့် လျှပ်ပြေးအမြန်ရေယာဉ် နှစ်စီး တိုးချဲ့ပြေးဆွဲ ပေးခဲ့ရပြီး ပြည်တွင်းရေကြောင်းသင်္ဘောတွင် ခရီးသည် သုံးရာကျော်နှင့် လျှပ်ပြေး အမြန်ရေယာဉ် နှစ်စီးတွင် ခရီးသည် လေးရာကျော်ခန့် လိုက်ပါခဲ့ကြကြောင်း သိရသည်။

စက်တင်ဘာ ပထမပတ်အတွင်း နေရပ်စွန့်ခွာသူ အရေအတွက် အနည်းငယ် ကျဆင်းခဲ့သော်လည်း မောင်တောမြောက်ပိုင်းသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ကားများ သွားလာ၍ ရလာသည့်အတွက် အဆိုပါ ကူညီကယ်ဆယ်ရေးအဖွဲ့များ၏ ကုန်တင်ကားများ၊ ကုန်တင်စက်လှေများဖြင့် အလုအယက် လိုက်ပါလာကြရာ နေရပ်စွန့်ခွာသူများ ဆက်လက် မြင့်တက်လာခဲ့ကြောင်း သိရသည်။

ထို့ပြင် နေရပ်စွန့်ခွာလာကြသည့် စစ်ပြေးရှောင်ဒုက္ခသည်များအနေဖြင့် ခရီးသွားရန် ငွေကြေးအခက်အခဲရှိသူများပါရှိပါက ရွှေပြည်တန်အမြန်ရေယာဉ် လက်မှတ်အရောင်းဌာနတွင် အကူအညီတောင်းခံနိုင်ကြောင်း ဆိုင်းဘုတ်အား ဘူးသီးတောင်ဆိပ်ကမ်းတွင် ကြေညာထားသည်ကိုလည်း တွေ့ရှိရသည်။