ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဘင်္ဂါလီအရေးကို တူရကီက တင်ပြမည်ဟု တူရကီသမ္မတ၏ဇနီး ပြောကြား

ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဘင်္ဂါလီအရေးကို တူရကီက တင်ပြမည်ဟု တူရကီသမ္မတ၏ဇနီး ပြောကြား
Published 9 September 2017

လာမည့်ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ဘင်္ဂါလီအရေးကို (မူရင်းသတင်းတွင် ရိုဟင်ဂျာဟု သုံးနှုန်းထား) တူရကီက တင်ပြမည်ဟု တူရကီသမ္မတ၏ဇနီး အီမိုင်းအာဒိုဂန်က စက်တင်ဘာ ၇ ရက်က ပြောကြားခဲ့ကြောင်း www.bdnews24.com တွင် စက်တင်ဘာ ၈ ရက်က ဖော်ပြထားချက်အရ သိရသည်။

တူရကီသမ္မတ၏ဇနီး အီမိုင်းအာဒိုဂန်သည် စက်တင်ဘာ ၇ ရက်တွင် ဒါကာသို့ ရောက်ရှိလာပြီး နာရီပိုင်းအတွင်း ဒုက္ခသည်စခန်းများရှိရာ ကမ်းရိုးတန်းခရိုင် ကော့ပဇားသို့ သွားရောက်ခဲ့သည်။

ခူတူပလောင်းရှိ စခန်းတစ်ခုသို့ သွားရောက် ကြည့်ရှုပြီးနောက် အီမိုင်းအာဒိုဂန်က တူရကီသည် ဘင်္ဂါလီဒုက္ခသည်များ၏ဘက်တွင် အမြဲတမ်း ရပ်တည်နေမည်ဟု မီဒီယာများကို ပြောကြားသည်။

ထို့ပြင် ၎င်းက သူ၏ခင်ပွန်း သမ္မတ တေယစ်အာဒိုဂန်အနေဖြင့် ဘင်္ဂါလီအကျပ်အတည်းအတွက် ချက်ချင်းအဖြေရှာနိုင်ရန် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် အဆိုပါအရေးကို ဆွေးနွေးတင်ပြမည်ဟု ဆက်လက် ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီက တူရကီသမ္မတ တေယစ်အာဒိုဂန်၏ တယ်လီဖုန်းခေါ်ဆိုမှုအား လက်ခံပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးရာတွင် တူရကီသမ္မတ အာဒိုဂန်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သောဖြစ်ရပ်များနှင့် စပ်လျဉ်း၍ တယ်လီဖုန်းခေါ်ဆိုရခြင်း ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ စိန်ခေါ်မှု အများအပြားကို ကျော်ဖြတ်ပြီး လူ့အခွင့်အရေး အပြောင်းအလဲများ ဆောင်ရွက်ခဲ့သော ခေါင်းဆောင်တစ်ဦး အနေဖြင့် ရခိုင်အရေးကိစ္စကို အမြော်အမြင်ဖြင့် ချဉ်းကပ်ဆောင်ရွက်မည်ဟု ယုံကြည်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မကြာသေးခင်က ဖြစ်ရပ်များနှင့်ပတ်သက်၍ စဉ်းစားသုံးသပ် ဆောင်ရွက်မည်ကို သံသယ မရှိပါကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သောဖြစ်စဉ်များ၊ လူအများ ဖြန့်ဝေနေသော ရုပ်ပုံများကြောင့် ကမ္ဘာတစ်ဝန်းမှ စိုးရိမ်ပူပန်မှု ကြီးစွာဖြစ်လာခဲ့ကြောင်း စသည်ဖြင့် ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့အနေဖြင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အကာအကွယ်များ ပိတ်ပင်ခံရခြင်း၏ ဆိုလိုရင်းသဘောကို ကောင်းစွာသိရှိနားလည်ပြီး အစဉ်အမြဲ အလေးထားပါကြောင်း၊ ထို့ကြောင့်လည်း မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးသာမက လူမှုရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခွင့်အရေးများကိုလည်း မြှင့်တင်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးအတွက် အဖြစ်နိုင်ဆုံး နည်းလမ်းဖြင့် ကာကွယ်မှုပေးနိုင်ရန် စတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီသာမက ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ရေရှည်မျှော်မှန်းကာ ဘက်စုံဖွံ့ဖြိုးရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သတင်းအချက်အလက် အမှားများဖန်တီးခြင်းကြောင့် မိမိတို့နှစ်နိုင်ငံအကြား ကာလရှည်ကြာ ရင်းနှီးချစ်ကြည်သော မိတ်ဆွေကောင်း ဆက်ဆံရေး ထိခိုက်လာမည်ကို စိုးရိမ်ကြောင်း၊ နှစ်နိုင်ငံအကြား ဆက်ဆံရေးကောင်းကို အမြဲထိန်းသိမ်းထားလိုသော မြန်မာနိုင်ငံ၏ သဘောထားကို မြန်မာနိုင်ငံဆိုင်ရာ တူရကီသံအမတ်ကြီးက တင်ပြပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ တူရကီဒုတိယ ဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ အခြားနိုင်ငံများမှ သတင်းဓာတ်ပုံအမှားများကို ဖြန့်ဝေခဲ့သည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ တူရကီဒုတိယဝန်ကြီးချုပ် ကြုံတွေ့ခဲ့ရသည့်အဖြစ်သည် သတင်းအမှားများ ထုနှင့်ထည်နှင့် ပျံ့နှံ့နေခြင်းအတွက် ကြီးမားသောပြဿနာ၏ မြင်သာသော (The Tip of a huge Iceberg of Misinformation) အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်း၊ ထိုကဲ့သို့ သတင်းဓာတ်ပုံ အမှားများကို မတူညီသော အသိုင်းအဝိုင်းများအကြား ပြဿနာ အများအပြား ဖြစ်ပွားစေရန်နှင့် အကြမ်းဖက်သမားများ အကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးနေကြသည်ကို မှန်းဆကြည့်နိုင်ကြောင်း၊ တူရကီနိုင်ငံ အနေဖြင့် ပီကေကေ (the Kurdistan Workers' Party or PKK-Kurdish: Partiya Karkeren Kurdistan) ကို နှိမ်နင်းခဲ့ရခြင်းကြောင့် အကြမ်းဖက်ဝါဒ၏ စိန်ခေါ်မှုများကို ကောင်းစွာ နားလည်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်သမားများကို ရင်ဆိုင်ရသည်မှာ အတွေ့အကြုံအသစ် ဖြစ်သော်လည်း ယင်းအကြမ်းဖက်ဝါဒ ပိုမိုကျယ်ပြန့်မလာစေရန်နှင့် ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံးသို့ ပျံ့နှံ့မသွားနိုင်စေရန် အကောင်းဆုံး ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်ဝါဒ မြန်မာနိုင်ငံ၌ အမြစ်မတွယ်စေရေးအတွက် ကမ္ဘာတစ်ဝန်းမှ မိတ်ဆွေများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်း နေထိုင်သူအားလုံး ဘေးကင်းလုံခြုံ စိတ်အေးချမ်းသာစေရန် လိုအပ်သည့် ကာကွယ်မှုအားလုံး ခံစားပိုင်ခွင့်ရှိစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မည့် အကောင်အထည်ဖော်ရေး ကော်မတီကို အမြန်ဆုံးဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

Most Read

Most Recent