ဆရာဝန်ရှားပါးနေသော တရုတ်တွင် လူလုပ်အသိဉာဏ်တုဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် အလျင်အမြန် အကောင်အထည်ဖော်နေ

ဆရာဝန်ရှားပါးနေသော တရုတ်တွင် လူလုပ်အသိဉာဏ်တုဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် အလျင်အမြန် အကောင်အထည်ဖော်နေ
Published 23 September 2018

ဆရာဝန်ရှားပါးနေသော တရုတ်တွင် လူလုပ်အသိဉာဏ်တုဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် အလျင်အမြန် အကောင်အထည်ဖော်နေ

အသက် ၆၄ နှစ်ရှိ ကျူကျန်းကူသည် သွေးခုန်နှုန်းကို အလိုအအလျောက် တိုင်းတာသည့် စက်တစ်ခုအား ၎င်း၏လက်ကောက်ဝတ်တွင် တပ်ဆင်လိုက်ပြီး ဆရာဝန်မပါဘဲ နှစ်မိနစ်အတွင်း မိုဘိုင်းဖုန်းမှတစ်ဆင့် ရလဒ်များကို လက်ခံရရှိခဲ့ကာ ရှန်ဟိုင်းတွင် အနာဂတ်မျှော် ဆေးဘက်ကုသမှု အစီအစဉ်ကို ကြုံတွေ့ခဲ့သည်။

နှလုံးခုန်နှုန်းအား မှတ်တမ်းတင်သည့် ချိတ်ပါသည့် တစ်ဝက်ပွင့်နေသော ထိုကိရိယာငယ်သည် တရုတ်တွင် ဆရာဝန်များ ရှားပါးနေမှုအား ကူညီနိုင်ရန် ရည်ရွယ်၍ တရုတ်အဆင့်မြင့် နည်းပညာ ကုမ္ပဏီများက တီထွင်ခဲ့သည့် နည်းပညာများအနက် တစ်ခုဖြစ်ခဲ့သည်။ တရုတ်မူဝါဒ ချမှတ်သူများသည် နိုင်ငံအား ကမ္ဘာ့နည်းပညာ ဦးဆောင်သူ ဖြစ်လာစေရန် တွန်းအားပေး ဆောင်ရွက်နေစဉ် Ping An Good Doctor က ဖန်တီးထားသော ထိုကိရိယာအား ရှန်ဟိုင်းတွင် ၂၀၁၈ ခုနှစ် ကမ္ဘာ့လူလုပ် အသိဉာဏ်တု AI ပြပွဲ၌ မိတ်ဆက်ပြသခဲ့သည်။

“ဆရာဝန်မပါဘဲ တရုတ်ပုံစံ ဆေးဘက်ကုသမှုတွေကို ဘယ်လိုမျိုးလုပ်နိုင်သလဲ ဆိုတာကို သိချင်လို့ လာခဲ့တာပါ။ ဒါက တော်တော်ကြီး အဆင်ပြေစေပါတယ်” ဟု ထိုပြပွဲသို့ တက်ရောက်ခဲ့သော အငြိမ်းစား အိုင်တီဝန်ထမ်းဖြစ်သူ ကျူက ပြောကြားခဲ့သည်။

တရုတ်တွင် ၂၀၁၇ ခုနှစ်၌ လူဦးရေ ၁ ဒသမ ၄ ဘီလျံရှိသည့်အနက် ကျန်းမာရေး ဝန်ထမ်းမှာ ၁၂ သန်းအောက်သာရှိကြောင်း နိုင်ငံလုံးဆိုင်ရာ ကျန်းမာရေး ကော်မရှင်က ထုတ်ပြန်ခဲ့သည်။  ဟောင်ကောင် စတော့ဈေးကွက်တွင် မကြာသေးမီက စာရင်းဖွင့်ခဲ့သော Ping An Good Doctor သည် မှတ်ပုံတင်၍ သုံးစွဲသည့်လူနာ ၂၂၈ သန်းဖြင့် တရုတ်တွင် အကြီးဆုံးအွန်လိုင်း ကျန်းမာရေး စောင့်ရှောက်မှု ကုမ္ပဏီဖြစ်သည်။ နေ့စဉ် အွန်လိုင်းမှတစ်ဆင့် ကုမ္ပဏီထံ အကြံပြုဆွေးနွေးရန် တောင်းခံမှုသည် ၅၀၀၀၀၀ ခန့်ရှိကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးဖြစ်သူ Bi Ge က ပြောကြားခဲ့သည်။

Ping An Good Doctor က ဖန်တီးခဲ့သော လူလုပ်အသိဉာဏ်တု အထောက်အပံ့ပြု ဆေးဘက်ဆိုင်ရာ အကြံပြုဆွေးနွေးမှုစနစ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ထိုသွေးခုန်နှုန်းတိုင်း ကိရိယာငယ်သည် လူနာများအား အကြိုစစ်ဆေးမှုကို အလျင်အမြန် ပြုလုပ်နိုင်ပြီး ဆေးရုံ သို့မဟုတ် ဆေးခန်းသို့ သွားစရာမလိုဘဲ ဆေးညွှန်းများကို ရရှိနိုင်မည်ဖြစ်သည်။

Ping An ၏ဝန်ဆောင်မှုများတွင် လူနာများက ၎င်းတို့၏ ကိုယ်ရေးအချက်အလက်များ၊ ဆေးကုသမှု မှတ်တမ်းနှင့် ရောဂါလက္ခဏာများအား ထည့်သွင်းရသည့် မိုဘိုင်းဆော့ဝဲဖ်လည်း ပါဝင်သည်။ ထိုဆော့ဝဲဖ်က ထိုအချက်အလက်များအား လူလုပ်အသိဉာဏ်တု အထောက်အပံ့ပြုစနစ်ထံပေးပို့ပြီး ယင်းမှတစ်ဆင့် ရောဂါလက္ခဏာများကို စစ်ဆေးရန်အတွက် အမှန်တကယ် ဆရာဝန်ထံ လွဲှပြောင်းပေးလိုက်ခြင်း ဖြစ်သည်။

“ဒါက တရုတ်မှာ ဆရာဝန်တွေ ရှားပါးနေတဲ့ ပြဿနာကို လုံးဝသက်သာရာ ရစေနိုင်တယ်။ လူလုပ်အသိဉာဏ်တုရဲ့ အကူအညီနဲ့ ပုံမှန်အတိုင်း ရိုးရိုးရှင်းရှင်းနဲ့ အလုပ်ကို အကြိမ်ကြိမ်လုပ်နိုင်လို့ ဆရာဝန်တွေ အတွက်လည်း စိတ်သက်သာရာ ရစေနိုင်ပါတယ်” ဟု Peking Union Medical College Hospital မှ ဆရာဝန်ဟောင်း လျူကန်က ပြောကြားခဲ့သည်။ “ဒါပေမဲ့ ဆေးဘက်နယ်ပယ်မှာ တရုတ်ရဲ့ AI နည်းပညာ ခြုံငုံတိုးတက်မှုက ကျော်တက်ခံရနိုင်တဲ့ အဆင့်မှာ ရှိနေတုန်းပါပဲ” ဟု လျူက ပြောကြားခဲ့သည်။

ဆရာဝန်တွေ လိုအပ်နေဆဲ

အမေရိကန်နှင့် ဥရောပကုမ္ပဏီများ၊ ထူထောင်စ ကုမ္ပဏီများနှင့် သုတေသန ပညာရှင်များသည် မျိုးစုံသော ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည့်နေရာများ၌ လူလုပ် အသိဉာဏ်တု နည်းပညာကို ထိန်းချုပ် အသုံးချနိုင်ရန် ကြိုးပမ်းနေကြသည်။ ကိုယ်ခန္ဓာအတွင်းပိုင်းကို ရိုက်ကူးမှု၊ စက်ရုပ်များဖြင့် ခွဲစိတ်မှုစနစ်များ၊ ဆေးဝါးသုတေသနများနှင့် ဖန်တီးမှုများကဲ့သို့ AI အကူအညီ ယူသည့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ဖန်တီးရန်နှင့် အကောင်အထည်ဖော်နိုင်ရန် တရုတ်ကုမ္ပဏီများသည် အခြားနိုင်ငံများကို လေ့လာနေခဲ့ကြသည်။

တရုတ်တွင် ဆရာဝန်ကောင်းများသည် အလွန်အမင်း လိုအပ်နေသော်လည်း မွေးထုတ်နိုင်မှု နည်းပါးကာ အညီအမျှ မမျှဝေနိုင်သေးပေ။ တရုတ်ရှိ ဆေးရုံအားလုံး၏ ၁၀ ရာခိုင်နှုန်းအောက်သာ အဆင့်မြင့် အဆင့်ရှိသည်ဟု ယူဆရပြီး နိုင်ငံထဲရှိ လူနာအားလုံး၏ ထက်ဝက်ခန့်ကို ကုသပေးခဲ့ရကြောင်း ၂၀၁၇ ခုနှစ်တွင် အစိုးရ၏ သတင်းအချက်အလက် စင်တာက အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

Ping An ကဲ့သို့ ကုမ္ပဏီများက ကမ်းလှမ်းသော အချက်အလက်များ၊ AI အကူအညီယူ ဝန်ဆောင်မှုများနှင့် အဝေးမှထိန်းချုပ်သည့် ဆက်သွယ်ရေး စနစ်များသည် ဒုတိယနှင့် တတိယအဆင့်ရှိ မြို့များမှ လူနာများအား မြို့ကြီးများတွင် အခြေစိုက်သော အရည်အသွေးမြင့် ဆရာဝန်များထံမှ ကျွမ်းကျင်အကြံဉာဏ်များကို လက်ခံရရှိနိုင်မည်ဖြစ်သည်။

ကျူက ရှန်ဟိုင်းပြပွဲတွင် ကြုံတွေ့ခဲ့သော သွေးခုန်နှုန်းစမ်းမှု အပါအဝင် တရုတ်ရိုးရာ ဆေးကုသည့် နည်းလမ်းများသည် သက်ကြီးပိုင်းများအကြား ရေပန်းစားနေဆဲဖြစ်သည်။

“ဒါက ဆရာဝန်တစ်ယောက်က စမ်းလိုက်တာမျိုး မခံစားရဘူး။ ရလဒ်က ဘာကိုဆိုလိုမှန်းလည်း နားမလည်ဘူး။ တကယ့်ဆရာဝန် စစ်ဆေးတာကို လိုချင်တုန်းပဲ” ဟု ကျူက ပြောကြားခဲ့သည်။

Ref : AFP