နည်းပညာဝန်ဆောင်မှုလုပ်ငန်း Salesforce သူဌေးဇနီးမောင်နှံက Time မဂ္ဂဇင်းကို ဝယ်ယူမည်

နည်းပညာဝန်ဆောင်မှုလုပ်ငန်း Salesforce သူဌေးဇနီးမောင်နှံက Time မဂ္ဂဇင်းကို ဝယ်ယူမည်
Published 18 September 2018

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် Beverly Hills ရှိ ဟိုတယ်၌ အခမ်းအနားတစ်ခုသို့ ဘန်နီအော့ဖ်(ဝဲ)နှင့် ဇနီးဖြစ်သူ တက်ရောက်လာကြစဉ် (Photo: AFP)

အထင်ကရ အမေရိကန်သတင်းမဂ္ဂဇင်း Time ကို Salesforce.com ၏ အကြီးအကဲ မက်ဘန်နီအော့ဖ်နှင့် ဇနီးဖြစ်သူလင်းတို့က ဒေါ်လာသန်း ၁၉၀ ဖြင့် ဝယ်ယူမည်ဟု စက်တင်ဘာ ၁၆ ရက်တွင် ကုမ္ပဏီက ထုတ်ပြန်ခဲ့ သည်။ Salesforce.com သည် အမေရိကန် Cloud computing ကုမ္ပဏီတစ်ခုဖြစ်သည်။

“ဘန်နီအော့ဖ်ဇနီးမောင်နှံဟာ Time ကို ကိုယ့်ဘာသာကိုယ် ဝယ်ယူကြမှာ ဖြစ်ပါတယ်။ မစ္စတာဘန်နီအော့ဖ် ထူထောင်ထားပြီး တွဲဖက်စီအီးအို၊ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ Salesforce.com နဲ့ ဒီအရောင်းအ ဝယ်ကိစ္စဟာ သက်ဆိုင်မှုမရှိပါဘူး” ဟု Time မဂ္ဂဇင်းအား ရောင်းချမည့် Meredith ကော်ပိုရေးရှင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ဘန်နီအော့ဖ် ဇနီးမောင်နှံသည်Time ၏ လုပ်ငန်းလည်ပတ်မှုများနှင့် ဂျာနယ်လစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်များတွင် ပါဝင်မည်မဟုတ်ဘဲ Time ၏ လက်ရှိအမှုဆောင်အုပ်ချုပ်ရေးအဖွဲ့ကသာ ဆက်လက်ဦးဆောင်မည်ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“လူတွေ၊ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး Time ရဲ့ ပြိုင်စံရှား ရေးသားတင်ဆက်မှုဟာ ကျွန်တော်တို့အားလုံးအပေါ် သက်ရောက်မှုရှိပါတယ်” ဟု မက်ဘန်နီအော့က Twitter တွင် ရေးသားခဲ့သည်။

သမိုင်းစာမျက်နှာသစ်ကို စတင်ရန် အလွန်စိတ်လှုပ်ရှားနေသည့်အကြောင်း Time တစ်ဖွဲ့လုံးကိုယ်စား အယ်ဒီတာချုပ် အက်ဒဝပ်ဖယ်ဆန်သယ်၏ ပြောကြားချက်ကိုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ Time သည် ကြော်ငြာမှရရှိသည့်ဝင်ငွေမှာ ကျဆင်းလာသောကြောင့် စောင်ရေကို လျှော့ချထားသည်။

Time၊ Fortune၊ Sports Illustrated အပါအဝင် မဂ္ဂဇင်းလေးခုကို ဝယ်ယူမည့်သူအား ရှာဖွေနေကြောင်း Meredith ကော်ပိုရေးရှင်းက မတ်တွင် ကြေညာခဲ့သည်။ အမေရိကန်မီဒီယာလုပ်ငန်းကြီး Meredith သည် ထိုလေးခုကို ယင်းသို့ မကြေညာမီ လေးလနီးပါးက ဝယ်ယူခဲ့ခြင်းဖြစ်သည်။

မက်ဘန်နီအော့ဖ်သည် Time ကို ဝယ်ယူလိုက်ခြင်းဖြင့် Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့အပါအဝင် သတင်းဌာနများကို ဝယ်ယူပိုင်ဆိုင်ထားသည့် ဘီလျံနာသူဌေးများ အုပ်စုထဲတွင် ပါသွားမည်ဖြစ်သည်။ ဘီဇော့သည် Washington Post ကို ၂၀၁၃ ခုနှစ်က ဝယ်ယူခဲ့ခြင်းဖြစ်သည်။

ထိုနှစ်မှာပင် Boston Red Sox ပိုင်ရှင် ဘီလျံနာသည် The Boston Globe ကို ဝယ်ခဲ့သည်။ ဇီဝနည်းပညာဖြင့် ချမ်းသာကြွယ်ဝလာသော ပက်ထရန်ဆွန်ရှောင်ကမူ ဇွန်လက The Los Angeles Times ကို ဝယ်ယူခဲ့သည်။

Ref: AFP

Most Read

Most Recent