ဖိလစ်ပိုင်သို့ တိုင်ဖွန်းမန်ခွပ် ဦးတည်လာနေသောကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြ

ဖိလစ်ပိုင်သို့ တိုင်ဖွန်းမန်ခွပ် ဦးတည်လာနေသောကြောင့် ပြည်သူများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြ
Published 14 September 2018

စက်တင်ဘာ ၁၃ ရက်တွင် မနီလာရှိ သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲရေးကောင်စီ စင်တာသို့ သွားရောက်ခဲ့သော သမ္မတ ဒူတာတေး (လက်မြှောက်လျက်စကားပြောနေသူ) ကို တွေ့ရစဉ် (Photo: AFP)

စက်တင်ဘာ ၁၃ ရက်တွင် အင်အားပြင်းမုန်တိုင်းတစ်ခု ဖိလစ်ပိုင်နိုင်ငံဆီသို့ ဦးတည်ရွေ့လျားလာနေသောကြောင့် ပြည်သူထောင်ပေါင်းများစွာအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းထားသည်။ အဆိုပါ မုန်တိုင်းသည် တရုတ်သို့ ရွေ့လျားဝင်ရောက်ခြင်းမပြုမီ ဖိလစ်ပိုင်နိုင်ငံ၌ ယခုသီတင်းပတ်ကုန်တွင် ဝင်ရောက်တိုက်ခတ်မည် ဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။

တိုင်ဖွန်းမန်ခွပ်သည် မြောက်ပိုင်းမာရီယာနာကျွန်းစုနှင့် ဂူအမ်ကျွန်းစုများကို ဝင်ရောက် တိုက်ခတ်ခဲ့ပြီးဖြစ်ကာ တစ်နာရီလျှင် လေတိုက်နှုန်း ၂၂၅ မိုင် (၁၆၀မိုင်) ဖြင့် ပစိဖိတ်သမုဒ္ဒရာတစ်လျှောက် ဖြတ်သန်းလာနေကြောင်း သိရသည်။ မုန်တိုင်းတိုက်ခတ်မည့် လမ်းကြောင်းတွင် ဖိလစ်ပိုင်ပြည်သူ ၁၀ သန်းခန့် နေထိုင်နေခြင်းကြောင့် ဖိလစ်ပိုင်၏ အဓိကကျွန်းဖြစ်သည့် လူဇွန်ကျွန်းမှ ဒေသခံ ထောင်ပေါင်းများစွာသည် ဘေးလွတ်ရာသို့ စတင်ရွှေ့ပြောင်းနေကြကြောင်း၊ ဖိလစ်ပိုင် မြောက်ဘက်စွန်းတွင်ရှိသော လူဇွန်ကျွန်းသို့ စက်တင်ဘာ ၁၅ ရက်တွင် တိုင်ဖွန်း စတင်ဝင်ရောက်မည်ဟု ခန့်မှန်းရကြောင်း ဖိလစ်ပိုင်အာဏာပိုင်များက ပြောကြားခဲ့သည်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်၍ ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ကူညီထောက်ပံ့ရေး လုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများကို အာဏာပိုင်များက ပြင်ဆင်ထားကြကြောင်း သိရသည်။ စာသင်ကျောင်းများကိုလည်း ပိတ်ထားရပြီး ရေကြီးမှုကြောင့် လယ်ယာများပျက်စီးနိုင်၍ လယ်သမားတချို့သည်လည်း ၎င်းတို့၏ စပါးနှင့် ပြောင်းစိုက်ခင်းများကို စတင်၍ ရိတ်သိမ်းနေကြရသည်။

ပျမ်းမျှအားဖြင့် ဖိလစ်ပိုင်သို့ နှစ်စဉ် တိုင်ဖွန်းနှင့်မုန်တိုင်း ၂၀ ခန့် ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး လူရာပေါင်းများစွာသေဆုံးကာ သန်းပေါင်းများစွာမှာ ဆင်းရဲမွဲတေမှုနှင့် သံသရာလည်နေခဲ့သည်။

တိုင်ဖွန်းမန်ခွပ်သည် ယခုနှစ်အတွင်း တိုက်ခတ်သည့် အင်အားအပြင်းဆုံးမုန်တိုင်း ဖြစ်လာမည်ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်း အဓိကလုပ်ကိုင်သည့် လူဇွန်ကျွန်းအလယ်ပိုင်းတွင် ရေကြီးမှုဖြစ်ပွားနေပြီ ဖြစ်ကြောင်းနှင့် စက်တင်ဘာ ၁၄ ရက်မှ စတင်ကာ လူဇွန်တွင် မိုးသက်လေပြင်းများ ကျရောက်လာမည်ဟု ခန့်မှန်းရကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ပြောကြားခဲ့သည်။

ဟောင်ကောင်သည်လည်း တိုင်ဖွန်း မန်ခွပ်လားရာတွင် တည်ရှိနေပြီး ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နေပြီဖြစ်ကာ လာမည့် စက်တင်ဘာ ၁၅ ရက်အထိ ဟောင်ကောင်သို့ ဝင်ရောက်ဦးမည်မဟုတ်ဟု ခန့်မှန်းထားသည်။

တိုင်ဖွန်းလမ်းကြောင်းတွင် ရှိနေသော ဖိလစ်ပိုင်နိုင်ငံ၌ ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုများ ဖြစ်နိုင်ကြောင်း၊ ကမ်းရိုးတန်းဒေသများသို့ ဝင်ရောက်တိုက်ခတ်ချိန်တွင် မြေပြိုမှုများနှင့် ရေကြီးမှုများ ဖြစ်ပွားနိုင်ပြီး ရေခုနစ်မီတာ (၂၃ ပေ) ခန့် မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့က ဆိုသည်။

မန်ခွပ်ဝင်ရောက် တိုက်ခတ်မည့် မြို့များတွင် အစိုးရကယ်ဆယ်ရေးစင်တာများ တည်ဆောက်ထားပြီး ထောက်ပံ့ပေးဝေမည့် အစားအစာများနှင့် အခြားသော ရိက္ခာများကို ပြင်ဆင်ထားကြောင်း မနီလာရှိ ကာကွယ်ရေးရုံးက ပြောကြားထားသည်။

Ref: AFP

Most Read

Most Recent