မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို ဝေဖန်သော ဥပဒေပြုအမတ်အားဖမ်းဆီးရန် သမ္မတဒူတာတေး အမိန့်ပေး

မူးယစ်ဆေးဝါး နှိမ်နင်းရေးစစ်ပွဲကို ဝေဖန်သော ဥပဒေပြုအမတ်အားဖမ်းဆီးရန် သမ္မတဒူတာတေး အမိန့်ပေး
Published 5 September 2018

စက်တင်ဘာ ၄ ရက်တွင် မနီလာရှိ အထက်လွှတ်တော်၌ အထက်လွှတ်တော်အမတ် အန်တိုနီယိုထရီလာနက်(လယ်)က စကားပြောနေစဉ် (Photo - AFP)

မူူးယစ်ဆေးဝါးနှိမ်နင်းရေးစစ်ပွဲကို ပြင်းပြင်းထန်ထန် ဝေဖန်သော ဥပဒေပြု အမတ်တစ်ဦးအား ထိန်းသိမ်းရန် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက စက်တင်ဘာ ၄ ရက်တွင် အမိန့်ထုတ်ခဲ့ရာ သမ္မတကို ဝေဖန်မှုအတွက် ခြိမ်းခြောက်ခံရသည့် ဒုတိယမြောက် အမတ်တစ်ဦး ဖြစ်လာခဲ့သည်။

ဖမ်းဆီးခံရမှုကို ရှောင်ရှားရန်အတွက်  အထက်လွှတ်တော်အစည်းအဝေးကို မလာခဲ့သော အထက်လွှတ်တော်အမတ် အန်တိုနီယိုထရီလာနက်သည် ယခင်ကလည်း ဒူတာတေးကို ခြစားကြောင်း စွပ်စွဲခဲ့ဖူးပြီး မူးယစ်ဆေးဝါး ကုန်သွယ်မှုများတွင် ဒူတာတေး၏ သားဖြစ်သူ ပါဝင်ကြောင်း စွပ်စွဲခဲ့ဖူးသည်။

ထရီလာနက်အား ဖမ်းဆီးရန် အမိန့်ပေးမှုကို နိုင်ငံရေးအရ လက်တုံ့ပြန်မှုဟု အတိုက်အခံနိုင်ငံရေးသမားများက ရှုတ်ချခဲ့ကြသည်။ ဒူတာတေးကို ဝေဖန်သော အထက်လွှတ်တော်အမတ် လယ်လာဒီလီမာသည် မူးယစ်ဆေးဝါး စွဲချက်များဖြင့် ဖမ်းဆီးထိန်း သိမ်းခံနေရကာ ထရီလာနက်အား ဖမ်းမိန့်ထုတ်မှုကို ယင်းအမှုနှင့် နှိုင်းယှဉ်ခဲ့ကြသည်။

သမ္မတဟောင်း ဂလိုရီယာအာရိုယိုကို အာဏာသိမ်းရန် ကြိုးပမ်းမှု၌ ပါဝင်မှုဖြင့် ထရီလာနက်သည် ၂၀၁၀ ပြည့်နှစ်တွင် စွဲချက်တင်ခံခဲ့ရပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်နေခြင်း ဖြစ်သည်။ ရေတပ်အရာ ရှိဟောင်းတစ်ဦးဖြစ်သော ထရီလာနက်သည် အပြစ်ရှိကြောင်းဝန်ခံပြီး လွတ်ငြိမ်းချမ်းသာခွင့်အတွက် တရားဝင်လျှောက်ထားမှုကို အပြည့်အစုံ မဆောင်ရွက်ခဲ့သောကြောင့် ဒူတာတေးက လွတ်ငြိမ်းချမ်းသာခွင့်ကို ဖျက်သိမ်းကြောင်း ဖိလစ်ပိုင်အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

သမ္မတဒူတာတေးသည် အစ္စရေးသို့ တရားဝင် ခရီးစဉ်သွားရောက်နေပြီး နိုင်ငံ၌  ရှိမနေပေ။

အာရိုယိုအား ခြစားမှုနှင့် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတို့အတွက် ၂၀၀၃ ခုနှစ်က ကန့်ကွက်ဆန္ဒပြမှုများတွင် မနီလာ၏ အဓိကခရိုင်တစ်ခုအား ထိန်းချုပ်ခဲ့သော အငယ်တန်းအရာရှိ အများအပြားကို ထရီလာနက်က ဦးဆောင်ခဲ့ဖူးသည်။ ထရီလာနက်နှင့် လက်နက်ကိုင် နောက်လိုက်နောက်ပါ အများအပြားသည် ၂၀၀၇ ခုနှစ်တွင် ဟိုတယ်တစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် အာရိုယိုကို နုတ်ထွက်ပေးရန် တောင်းဆိုခဲ့သည်။ မနီလာဟိုတယ်အား ခေတ္တစီးနင်းမှုအတွက် ထရီလာနက်ကို ရုံးတင်စစ်ဆေးရန် ဒူတာတေးက လိုလားနေသည်။

သမ္မတ၏ ဖမ်းမိန့်အား ရှောင်ရှားရန်အတွက် နည်းလမ်းများ ရှာဖွေရန် ရှေ့နေများကို ညွှန်ကြားထားကြောင်း ထရီလာနက်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒါက နိုင်ငံရေးအရ ဖိနှိပ်မှုပါပဲ။ ဒါပေမဲ့ ကျွန်တော်က တွန့်ဆုတ်နေမှာမဟုတ်ပါဘူး” ဟု ထရီလာနက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဒူတာတေး၏ အကြီးဆုံးသား ပါအိုလိုသည် မူးယစ်ဆေးဝါး တရားမဝင် ရောင်းဝယ်မှုတွင် ပါဝင်နေကြောင်း စွပ်စွဲမှုများအတွက် အထက်လွှတ်တော်၌ လာရောက်ကြားနာရန် ထရီလာနက်က ကြိုးပမ်းခဲ့ပြီးနောက် တစ်နှစ်အကြာတွင် ဒူတာတေး၏ ဖမ်းမိန့်ထွက်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။ သမ္မတဒူတာတေးသည်သူ၏ ဘဏ်စာရင်းများ၌ မရှင်းပြနိုင်သော ဒေါ်လာသန်းပေါင်းများစွာကို ဖုံးဖိထားကြောင်းလည်း ထရီလာနက်က စွပ်စွဲထားသည်။

Ref ;AFP

Most Read

Most Recent