ရှန်ဟိုင်းရှိ ကြက်ဥအိမ်က လူမှုမီဒီယာအတွက် ဓာတ်ပုံရိုက်သူများအား ဆွဲဆောင်နေ

ရှန်ဟိုင်းရှိ ကြက်ဥအိမ်က လူမှုမီဒီယာအတွက် ဓာတ်ပုံရိုက်သူများအား ဆွဲဆောင်နေ
Published 2 September 2018

သြဂုတ် ၃၁ ရက်တွင် ရှန်ဟိုင်းရှိ ကြက်ဥအိမ်၌ အမျိုးသမီးတစ်ဦးက ဓာတ်ပုံရိုက်ခံနေစဉ် (Photo: AFP)

ရှန်ဟိုင်းရှိ ရှော့ပင်းမောတစ်ခု၏ တတိယထပ်တွင်ရှိနေသော “ကြက်ဥအိမ်” သည် တရုတ်တင်ဆက်မှုအနုပညာရှင် ရှူပင်ပူ၏ လက်ရာဖြစ်ပြီး ပေါ်ပင်ပြတိုက်မျိုးဖြစ်သော ယင်းနေရာတွင် အလှဓာတ်ပုံရိုက်ကူးသူများဖြင့် စည်ကားနေသည်။ ဧရာမ ဇလုံခွက်ကြီးအတွင်းတွင် လူဒါဇင်ဝက်ခန့်က ဝင်ရောက်၍ ဓာတ်ပုံများ ရိုက်ကူးနိုင်ပြီး ကြက်ဥကို ချစ်မြတ်နိုးမှုအား မျှဝေရန်အတွက် ဖန်တီးထားသည့် တင်ဆက်မှုအနုပညာဖြစ်ကြောင်း စီစဉ်သူများက ပြောကြားခဲ့သည်။

ယင်းကဲ့သို့သော ကြက်ဥအိမ်များကို နယူးယောက်တွင် ပထမဆုံး တည်ဆောက်ပြသခဲ့ပြီး လာမည့်နိုဝင်ဘာတွင် လော့အိန်ဂျလိစ်၌ နောက်ထပ် ကြက်ဥအိမ်တစ်ခုကို တည်ဆောက်ပြသရန် ရှူက စီစဉ်ထားသည်။  သီတင်းပတ်ကုန်ရက်များ၌ လူကြီးနှစ်ဦးလျှင် ၁၉၈ ယွမ် (၂၉ ဒေါ်လာ) ဖြင့် အခပေး ဝင်ရောက်ရသော ကြက်ဥအိမ်တွင် ကြက်ဥ ပုံဖြင့် တန်ဆာဆင်ထားသောအခန်း အမြောက်အမြားပါဝင်သည်။ ထိုအခန်းများအတွင်း၌ ဓာတ်ပုံများ ရိုက်ကူးနိုင်မှုကအဓိက ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။

ကြက်ဥခွက်ကြီးအတွင်းမှ ထွက်လာခဲ့သော အိုင်မားလီဆိုသူက အနီးပတ်ဝန်းကျင်ရှိ အထက်တန်းကျောင်းသူအရွယ် ကလေးများကို ကြည့်ရင်း “ဒီမှာ ကျွန်မက အသက် နည်းနည်းကြီးနေတယ်လို့တောင် ခံစားရပါ တယ်” ဟု ပြောကြားခဲ့သည်။

အသက် ၂၉ နှစ်အရွယ် လီသည် ရှန်ဟိုင်းနှင့် တိုကျို၌ ရုပ်သံလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်သည်။ သူငယ်ချင်းများနှင့် ရိုက်ထားသော ဓာတ်ပုံများကို လူမှုမီဒီယာတွင် တင်မည်ဖြစ်ကြောင်း လီက ပြောကြားခဲ့ သည်။

ဇူလိုင်လနှောင်းပိုင်းက ဖွင့်လှစ်ခဲ့သော ကြက်ဥအိမ်သည် လာရောက်လည်ပတ်သူ ၃၀၀၀၀ နီးပါးကို ဆွဲဆောင်ထားကြောင်း သိရသည်။ လူမှုမီဒီယာများတွင် ကိုယ်ပိုင်အကြောင်းအရာများ ဖန်တီးရန် စွဲလမ်းနေ သူများကို ကြက်ဥအိမ်က ဆွဲဆောင်နိုင်ကြောင်း အသက် ၂၅ နှစ်အရွယ်ဝမ်ကျိုးသားတစ်ဦးက ပြောကြားခဲ့သည်။

ဒစ်ဂျစ်တယ် ဖျော်ဖြေရေးကုမ္ပဏီ Refinery 29 က တပ်ဆင်ပြသသော 29 Rooms ပြပွဲက ကြက်ဥအိမ်စိတ်ကူးကို ရစေခဲ့ကြောင်း ရှူက ပြောကြားခဲ့သည်။ ၂၀၁၅ ခုနှစ်က နယူးယောက်သို့ သွားရောက်စဉ် 29 Rooms ပြပွဲ၌ ၈ နာရီကြာ တန်းစီစောင့်ဆိုင်းခဲ့ရပြီး ကျေနပ်ခဲ့ရသည့် စိတ်ကူးက ကြက်ဥအိမ်ကို ဖန်တီးရန် ဖြစ်လာခဲ့ကြောင်း ရှူက ပြောကြားခဲ့သည်။

အခြားသော ပြတိုက်များကဲ့သို့ပင်  ပေါ်ပင်ပြခန်းများသည် မကြာသေးခင်နှစ်များအတွင်း တရုတ်ရှိ မြို့ကြီးများ၌ ခေတ်စားလာနေသည်။