အီရန် ရေနံပို့ကုန် သုညရာခိုင်နှုန်းအထိ လျှော့ချရန် အမေရိကန်က ရည်မှန်းထားဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

အီရန် ရေနံပို့ကုန် သုညရာခိုင်နှုန်းအထိ လျှော့ချရန် အမေရိကန်က ရည်မှန်းထားဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား
Published 4 July 2018

ဖေဖော်ဝါရီ ၄ ရက်က တီဟီရန်တွင် သတင်းစာရှင်းလင်းပွဲ၌ အီရန်ရေနံဝန်ကြီးက စကားပြောနေစဉ် (Photo - AP)

အီရန်ရေနံပို့ကုန် သုညရာခိုင်နှုန်းအထိ လျှော့ချခြင်းဖြင့် အီရန်၏ သဘောထား ပြောင်းလဲရန် အမေရိကန်က ဆက်လက်ဖိအားပေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။ အီရန်ဆိုင်ရာ မဟာဗျူဟာသစ်တစ်ရပ်အတွက် အမေရိကန်မဟာမိတ်များနှင့် ဦးဆောင်ဆွေးနွေးနေသော အကြီးတန်းတာဝန်ရှိသူ ဘရိုင်ယန်ဟော့က အီရန်ရေနံကို အစားထိုးရန်အတွက် ကမ္ဘာတွင် ရေနံအပိုအလျှံ အလုံအလောက်ရှိသည်ဟု ဝါရှင်တန်က ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

သြဂုတ် ၄ ရက်တွင် စတင်ရန် ရည်မှန်းထားသော ပိတ်ဆို့အရေးယူမှုများတွင် အီရန်၏ ကားလုပ်ငန်းနှင့် ရွှေနှင့် အခြားသတ္တုများ ကုန်သွယ်ရေးတို့ကို ပစ်မှတ်ထားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေ ၈ ရက်တွင် အီရန်နျူကလီးယားသဘော တူညီချက်မှ နုတ်ထွက်ခဲ့ပြီးနောက် ကမ္ဘာ့အင်အားကြီးနိုင်ငံများက အီရန်နှင့် ကုန်သွယ်မှုကို ဆက်လက်ခွင့်ပြုရန် တောင်းဆိုနေခဲ့သည်။ အီရန်ကို စီးပွားရေးအရ ပိတ်ဆို့အရေး ယူထားမှုများအား တစ်နိုင်ငံစီအလိုက် စဉ်းစားဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဘရိုင်ယန်ဟော့က ပြောကြားသည်။ တရုတ်၊ အိန္ဒိယနှင့် တူရကီတို့ကဲ့သို့ နိုင်ငံများက အီရန်ရေနံတင်သွင်းမှုအားလုံးကို နိုဝင်ဘာ ၄ ရက်တွင် ရပ်တန့်ရန် ထရန့်အစိုးရက ကနဦး၌ တောင်းဆိုထားသည်။ ထရန့်က ဆော်ဒီကို ရေနံတိုးထုတ်ရန် စည်းရုံးနိုင်မည်ဟု ယုံကြည်ထားသော်လည်း အမေရိကန်၏ ရာဇသံကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းအတွက် ဖိအားတိုးစေခဲ့သည်။

အီရန်သည် ရေနံစိမ်းရောင်းချမှုမှ ဝင်ငွေရရှိမှုကို သုညရာခိုင်နှုန်းအထိ လျှော့ချသွားရန် ဖိအားတိုးပေးသွားမည်ဖြစ်ကြောင်း  ဟော့က သတင်းထောက်များကို ပြောကြားခဲ့သည်။ ထိုအတွက် ကမ္ဘာ့ဈေးကွက်တွင် ရိုက်ခတ်မှုများ အနည်းဆုံးဖြစ်ရန် ဆောင်ရွက်နေကြောင်း ကမ္ဘာ၏ ရေနံအပိုအလျှံ ထုတ်လုပ်နိုင်စွမ်း အလုံအလောက်ရှိသည်ဟု ယုံကြည်ကြောင်း ဟော့က ပြောကြားခဲ့သည်။

အီရန်နှင့် နျူကလီးယားသဘောတူညီချက်တွင် ပါဝင်သော ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က နျူကလီးယားသဘောတူညီချက်ကို ဆက်လက်ကိုင်စွဲထားရန် ထရန့်ကို ပြင်းပြင်းထန်ထန် စည်းရုံးခဲ့သော်လည်း အီရန်ကို ထပ်မံအရေးယူပိတ်ဆို့မှုများအား အဆိုပါ နိုင်ငံများက လိုက်လျောကြဖွယ်ရှိသည်။ အီရန်နှင့် သဘောတူညီချက်ကို ဆက်လက်ကိုင်စွဲထားခြင်းမှ ရရှိသော အကျိုးအမြတ်ထက် အမေရိကန်၏ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးမှ ရရှိမည့်အကျိုးကို ဆုံးရှုံးနိုင်ခြေက ပိုများနိုင်ကြောင်း ကုမ္ပဏီအများစုက လက်ခံထားသည်ဟု အနောက်တိုင်းသံတမန်များက ပြောကြားခဲ့သည်။

သို့သော်လည်း အီရန်၏ အဓိကဖောက်သည်များဖြစ်သော အိန္ဒိယ၊ တရုတ်နှင့် တူရကီတို့က အမေရိကန်တောင်းဆိုချက်များကို ချက်ချင်းလိုက်လျောပေးဖွယ် မရှိပေ။

အီရန်သည် သာမန်နိုင်ငံမဟုတ်ဘဲ အမေရိကန် ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲနိုင်ရန်အတွက် တောင်းဆိုချက် ၁၂ ရပ်အား ဖြည့်ဆည်းပေးရမည်ဖြစ်ကြောင်း ဟော့က ပြောကြားခဲ့သည်။

Ref ; AFP

Most Read

Most Recent