IS ခြေကုပ် တယ်အာဖာအား ထိုးစစ်ဆင်နေစဉ် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဘဂ္ဂဒက်သို့ သွားရောက်

IS ခြေကုပ် တယ်အာဖာအား ထိုးစစ်ဆင်နေစဉ် အမေရိကန် ကာကွယ်ရေးဝန်ကြီး ဘဂ္ဂဒက်သို့ သွားရောက်
Published 23 August 2017

သြဂုတ် ၂၀ ရက်က တယ်အာဖာမြို့သို့ ချီတက်နေသော အီရတ်အစိုးရတပ်ဖွဲ့၏ တင့်ကားတစ်စီးကို တွေ့ရစဉ် (Photo: AFP)

အီရတ်မြောက်ပိုင်းရှိ IS တို့၏ နောက်ဆုံးခြေကုပ်ဖြစ်သော တယ်အာဖာမြို့အား အီရတ်တပ်ဖွဲ့ဝင်များက ထိုးစစ်ဆင်နေချိန်တွင် ယင်းတပ်ဖွဲ့ဝင်များအား အမေရိကန်၏ ထောက်ခံမှုကိုပြသရန် ပင်တဂွန်အကြီးအကဲ ဂျိမ်းမာတစ်သည် သြဂုတ် ၂၂ ရက်တွင် ဘဂ္ဂဒက်သို့ သွားရောက်ခဲ့သည်။ မာတစ်သည် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်အဘာဒီနှင့် အခြားထိပ်တန်းတာဝန်ရှိသူများအပြင် အီရတ်ရှိ ကာ့ဒ်ဒေသခေါင်းဆောင် မာဆော့ဘာဇာနီတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး IS ဂျီဟတ်များအား ချေမှုန်းမှုကို အီရတ်အစိုးရက ဆက်လက်အာရုံစိုက်နိုင်ရန် ကူညီပေးလိုကြောင်း ၎င်းကပြောကြားခဲ့သည်။

လတ်တလောတွင် ၎င်းတို့သည် အီရတ်ရှိ ISIS များအား နှိမ်နင်းရန်၊ အီရတ်၏ အချုပ်အခြာအာဏာနှင့် နယ်နိမိတ်ပေါင်းစည်းမှုအား ပြန်လည်ရရှိရန် အာရုံစိုက်နေကြောင်း မာတစ်ကဘဂ္ဂဒက်သို့ မသွားရောက်မီ IS အဖွဲ့၏ အခြားအတိုကောက်အမည်ကို ရည်ညွှန်းပြောကြားခဲ့သည်။

အမေရိကန်ဦးဆောင်သော နိုင်ငံတကာညွန့်ပေါင်း၏ ထောက်ပံ့မှုဖြင့် အီရတ်တပ်ဖွဲ့များသည် ကိုးလကြာတိုက်ခိုက်ခဲ့ပြီးနောက် အီရတ်၏ ဒုတိယအကြီးဆုံးမြို့ မိုဆူးကို ပြီးခဲ့သောဇူလိုင်တွင် ဂျီဟတ်များလက်မှ ပြန်လည်သိမ်းယူနိုင်ခဲ့သည်။ အီရတ်တပ်များသည် မိုဆူးနှင့် ဆီးရီးယားနယ်စပ်အကြား IS များအတွက် အဓိကထောက်ပံ့ရေး အချက်အချာဖြစ်ခဲ့ဖူးသော တယ်အာဖာအား သြဂုတ် ၂၀ ရက်တွင် ထိုးစစ်စတင်ဆင်နွှဲခဲ့သည်။

မာတစ်က ISIS များ၏ နေ့ရက်များသည် အမှန်တကယ် ကုန်ဆုံးတော့မည်ဖြစ်ကြောင်း၊ သို့သော် မပြီးဆုံးသေးကြောင်း၊ မကြာမီအချိန်အတွင်း ပြီးဆုံးမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ မိုဆူးတိုက်ပွဲတွင် အီရတ်တပ်ဖွဲ့ဝင် ၆၀၀၀ ကျော် ဒဏ်ရာရခဲ့ပြီး ၁၂၀၀ ကျော် သေဆုံးခဲ့ကြောင်း မာတစ်က ပြောကြားခဲ့သည်။ မိုဆူးအောင်ပွဲကြောင့် ၂၀၁၄ ခုနှစ်တွင် IS အဖွဲ့ထံ မိုဆူးအား ထိတ်လန့်အံ့အားသင့်ဖွယ် လက်လွှတ်ခဲ့ရပြီးနောက် အီရတ်တပ်ဖွဲ့ဝင်များအတွက် ယုံကြည်မှုကို ပြန်လည်ရရှိစေခဲ့သည်။ မိုဆူးအား ပြန်သိမ်းနိုင်မှုသည် ၂၀၁၄ ခုနှစ်တွင် ပြိုလဲနေသော စစ်တပ်အားဆက်ခံပြီး ပြန်လည်ပြုပြင်ဖွဲ့စည်းနိုင်ခဲ့သည့် ဝန်ကြီးချုပ်အဘာဒီ၏ စွမ်းဆောင်ရည်မပါဘဲ ဖြစ်လာမည်မဟုတ်ကြောင်း မာတစ်က ချီးကျူးခဲ့သည်။

သို့သော် ယင်းကဲ့သို့ တစ်ကျော့ပြန်လာနိုင်မှုသည် အမေရိကန်စစ်ဘက်၏ တိုးချဲ့လေ့ကျင့်ပေးမှု၊ စီစဉ်ပေးမှုနှင့် ပစ်ကူပေးမှုတို့ကိုလည်း မှီခိုနေရခြင်းကြောင့် အနာဂတ်တွင် ရှီအိုက်ပြည်သူ့စစ်များနှင့် အီရန်တို့၏ ဆန့်ကျင်မှု ကြုံရနိုင်သည့်အတွက် ယင်းထောက်ပံ့မှုအား ပြေလည်စေရန် ဖြေရှင်းသင့်ကြောင်း ဝါရှင်တန်ရှိ Center for a New American Security မှ အရှေ့အလယ်ပိုင်း လုံခြုံရေးဆိုင်ရာ ပညာရှင်အဖွဲ့ဝင် နီကိုလတ်ဟီရတ်က ပြောကြားခဲ့သည်။

ဂျီဟတ်များအား နှိမ်နင်းရေးစစ်ပွဲ ဆင်နွှဲမှုကြောင့် ညီညွတ်ရေးရရှိခဲ့ပြီးနောက် လေးနှစ်အကြာတွင် အီရတ်အား အီရန်၏ လွှမ်းမိုးမှုအောက်တွင် သက်ဆင်းသွားမည့်အရေး သို့မဟုတ် နိုင်ငံရေးအရပြိုကွဲခြင်း ထပ်မံဖြစ်ပွားမည့်အရေးမှ ရှောင်လွှဲရေးအပါအဝင် ရှေ့ဆက်မည့်အရာများကို ဆွေးနွေးမည်ဟု မာတစ်က ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၅ ရက်တွင် အီရတ်ရှိ ကာ့ဒ်များက လွတ်လပ်ရေးဆန္ဒခံယူပွဲ ကျင်းပရန် စီစဉ်ထားမှုကို အမေရိကန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ IS တိုက်ဖျက်ရေးမှ အာရုံလွဲသွားစေနိုင်ကြောင်း အမေရိကန်က ပြောကြားခဲ့သည်။ မာတစ်သည် ဂျော်ဒန်နှင့် အီရတ်ပြီးလျှင် တူရကီနှင့် ယူကရိန်းတို့သို့ သွားမည်ဖြစ်သည်။

 

Most Read

Most Recent