Facebook အသုံးပြုသူအားလုံး ဥရောပပုံစံ ပုဂ္ဂိုလ်ရေးလုံခြုံမှု ထိန်းချုပ်ကွပ်ကဲမှုများ ရရှိခံစားရမည်

Facebook အသုံးပြုသူအားလုံး ဥရောပပုံစံ ပုဂ္ဂိုလ်ရေးလုံခြုံမှု ထိန်းချုပ်ကွပ်ကဲမှုများ ရရှိခံစားရမည်
Published 26 May 2018

(Photo -AFP)

လူတိုင်းက ကိုယ်ရေးအချက်အလက်များ လုံခြုံစေရန် အာရုံစိုက်လာသောကြောင့် ကမ္ဘာတစ်ဝန်းရှိ Facebook သုံးစွဲသူများသည် ဥရောပသမဂ္ဂစည်းမျဉ်းချမှတ်သူများက တောင်းဆိုခဲ့သည့် ပုဂ္ဂိုလ်ရေး အချက်အလက်များ ထိန်းချုပ်ရေး အစီအစဉ်များကို ရရှိမည်ဖြစ်ကြောင်း Facebook အမှုဆောင်ချုပ် မာ့ခ်ဇက်ကာဘတ်က မေ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဥရောပ၏ အချက်အလက်များ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းသစ်များသည် အာဏာသက်ဝင်မှု မတိုင်မီ တစ်ရက်အလို မေ ၂၄ ရက်တွင် ဇက်ကာဘတ်က ဥရောပ သမိုင်းသည် ၎င်း၏ ပြည်သူများက ကိုယ်ရေး အချက်အလက်များ စုဆောင်းသည့် အခြေအနေ ကြုံလာချိန် ၌ အထူးသဖြင့် သတိရှိကြကြောင်း ပါရီရှိ ကုန်သွယ်ရေးပြပွဲ Viva Tech ၌ ပြောကြားခဲ့သည်။

ဥရောပရှိသမိုင်းတွင် အထူးအချက်အလက်များရှိကြောင်း၊ အကယ်၍ ဂျာမန်ပြည်သူတစ်ဦးဖြစ်ပြီး ဤနေရာတွင် ကြီးပြင်းလာသူဖြစ်ပါက Stasi  (အရှေ့ဂျာမနီ လျှို့ဝှက် ရဲတပ်ဖွဲ့ဟောင်း) ကို စိုးရိမ်လိမ့်မည်ဖြစ်ကြောင်း ဇက်ကာဘတ်က ပြောကြားခဲ့သည်။  အမေရိကန် သို့မဟုတ် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများတွင် ရှိခဲ့သည်ထက် မကြာသေးမီက ၎င်းတို့၏ မှတ်ဉာဏ်ထဲတွင် အဖြစ်အပျက်များ ပိုမိုရှိနေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

သို့သော် လူတိုင်းက ကိုယ်ရေးကိုယ်တာကို ဂရုစိုက်လာကြကြောင်း၊ ယင်းတစ်နေရာတည်းတွင် မဟုတ်ဘဲ ကမ္ဘာတစ်ဝန်း ၌ ဖြစ်လာကြောင်း ဇက်ကာဘတ်က ပြောကြားခဲ့သည်။ ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူ နှစ်ဘီလျံခန့်ရှိသော Facebook တွင် မျက်နှာကို မှတ်သားသိရှိမှု အပါအဝင် ဥရောပသမဂ္ဂ၏ အထွေထွေ အချက်အလက်ကာကွယ်ရေး စည်းမျဉ်းများက တောင်းဆိုသည့်အတိုင်း ကြိုတင်ကာကွယ်မှုများကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဇက်ကာဘတ်က အတည်ပြုခဲ့သည်။

ကောင်းမွန်သော စည်းမျဉ်းများသည် နည်းပညာကုမ္ပဏီကြီးများက သုံးစွဲသူများ၏ အချက်အလက်များအား မည်သို့ အသုံးပြုနေကြောင်းနှင့်ပတ်သက်၍ ယုံကြည်မှုကို မြင့်တက်စေနိုင်ကြောင်း၊ တူညီသော စည်းမျဉ်းထိန်းချုပ်မှုများကို Facebook က ကမ္ဘာတစ်ဝန်း၌ မိတ်ဆက်သွားမည်ဟု ရှင်းရှင်းလင်းလင်း ပြောကြားလိုကြောင်း ဇက်ကာဘတ်က ပြောကြားခဲ့သည်။

Facebook သည် ဥရောပရှိ သုံးစွဲသူများထံ ကြော်ငြာရှင်များ၏ ပစ်မှတ်ထား ကြော်ငြာမှုကို သဘောတူသလားနှင့် Facebook က ၎င်းတို့၏ ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် မျက်နှာပုံရိပ်ယူသည့် ဆော့ဖ်ဝဲအသုံးပြုမှုကို လက်ခံသလားဟု မေးမြန်းခဲ့မှုသည် သီတင်းပတ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုအခါ Facebook က ထိုမေးခွန်းများအား ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများထံ မေးမြန်းတော့မည် ဖြစ်သည်။ ဥရောပရှိ Facebook သုံးစွဲသူများသည် ၎င်းတို့၏ Facebook အကောင့်များကို အသုံးပြုနိုင်ရန် ထိုမေးခွန်းများအား မဖြစ်မနေ ဖြေရပြီး ကျန်သောနိုင်ငံများတွင်မှု ထိုမေးမြန်းမှုကို အကြိမ်ကြိမ် ကျော်လွှားနိုင်မည် ဖြစ်သည်။ Facebook တွင် သတင်းတုများ ပျံ့နှံ့မှုအား ကြိုတင်ကာကွယ်ရန်နှင့် သုံးစွဲသူ၏ အချက်အလက်များအား အလွဲသုံးစားပြုမှုမှ ကာကွယ်ပေးရန် လုံလောက်စွာ ဆောင်ရွက်ခဲ့မှု မရှိခြင်းအတွက် ဇက်ကာဘတ်က ဥရောပပါလီမန်တွင် တောင်းပန်မှု ပြုလုပ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ပါရီ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

Ref ;AFP

Most Read

Most Recent